Wednesday 13 June 2012

''ရင်ခွဲပြက်လုံး"


PDF Print E-mail



ကိုယ်ချစ်ရသော ချစ်သူဆီမှ ချစ်တယ်ဆိုသည့် အဖြေ စကားအား လူတချို့၊ ဒါမှမဟုတ် လူအတော် များများသည် ကြားချင်ကြပါသလား။
ဒါမှမဟုတ် ကြားဖူးကြပါသလား။ ကြားခဲ့ကြသည့် စကားတွေကရော ပျော်စရာတွေလား။ ဒါမှမဟုတ် ၀မ်းနည်းစရာတွေလား။ ထိုအဖြေစကားများ ကြားရမည့် အချိန်၌ ရင်ခုန်သံနှင့် ခံစားချက်တို့သည် ပုံမှန်အတိုင်း တည်ရှိနေသည်လား” စသည် စသည့်တို့ကို ကိုယ်သိချင်ပါသည်။ ဒီနေ့သည် ကိုယ့်အတွက် ထိုကဲ့သို့ ခံစားမှုများကို အဆုံးအဖြတ် ပေးမည့် နေ့တစ်နေ့ ဖြစ်သည်။ ပျော်စရာ ဖြစ်မည်လား၊ ၀မ်းနည်းစရာ ဖြစ်မည်လား ဆိုသည်ကို ကိုယ်သည် မတွေးတတ်။ စိတ်တို့သည် အုံ့မှိုင်း တွေဝေနေသည်။ စိတ်နှင့် ခန္ဓာသည် ဒီတစ်ခါ အမြဲဆုံးပင် ဖြစ်လိမ့်မည်။ ဘာကိုမှ တွေး၍မရ။ ဘာမှလည်း မလုပ်လို။ ခြေမကိုင်မိ၊ လက်မကိုင်မိ ဆိုသည့် အခြေအနေမျိုးလည်း မဟုတ်။ အတွေ့၊ အမြင်၊ ကြား အားလုံးသော အရာတို့ကို လက်ခံ သိရှိသော်လည်း တုံ့ပြန်မှုသည် မရှိ။ ခံစားချက် တို့သည် ကင်းမဲ့သွားသည့် အလား မည်သည့် အရာကိုမှ ခံစား ထိရှ၍ မရတော့သော တဒင်္ဂ ခပ်ကြာကြာ။ “မင်း ဘယ်အချိန် သွားမှာလဲ” “ငါတို့တော့ ဆိုင်ရွေးထားလိုက်တော့မယ်” ဟူသော သူငယ်ချင်းတို့၏ အသံများသည် သူမ၏ အဖြေစကားသည် ကိုယ့်အတွက် ပျော်စရာ အတိ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားကြပုံ ရနေသည်။ ဒါပေမယ့် ကိုယ်ကတော့ မည်သည့်အချိန်သွား ရမည် လဲ..။ မည်သို့သော အဖြေ စကားကို ကြားရမည်လဲ။

မဟုတ်သေးဟုထင် သည်။ ယခုအချိန်၌ သူမ၏ အဖြေစကားကို မည်သို့သော ခံယူချက်ဖြင့် ခံယူရမည်။ မည်သို့တုံ့ပြန်ရမည်ဟု တွေး မှသာ ပိုမှန်ပေလိမ့်မည်။
ဟိုး အရင်အချိန်တုန်း က ကိုယ်သည် သူမနှင့်အတူ မကွဲမကွာထာဝရ ဘ၀တစ်ခု တည်ထောင်ရန် စဉ်းစားခဲ့ ဖူးသည်။ သူမသည်လည်း ထိုအချိန်က စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။ ယခု တော့... ကုန်လွန်ခဲ့သည့် အချိန် များအတွက် မည်သူတို့သည် မည်ကဲ့သို့ နှမြောတသ ကြသည်ကို ကိုယ်မသိ။ တိတ်ဆိတ်ခြင်းနှင့် တွေဝေခြင်းတို့ သာ ကိုယ့်အတွက် အဖော်ပြုကာ ဟိုးတစ်ချိန်က သူမနှင့် ပုံရိပ်များအား ပြန်လည်တမ်း တမိသည်။

မည်သည့်လမ်းကို လျှောက်၍ မည်သို့ ငိုရမည်ကို ကိုယ်မသိပါ။ ပတ်ဝန်းကျင်သည် ကိုယ်နှင့် ဆန့်ကျင်စွာ တည်ရှိနေသည်။
“မိန်းမ ဆိုတာမျိုးက ရည်းစားဦးကို မလွန် ဆန်နိုင်တဲ့ အမျိုးတွေကွ”ဟု အစချီ ကာ ခပ်ထွေထွေနှင့် ပြောခဲ့ ဖူးသော သူငယ်ချင်း တစ်ဦး၏ စကားကို ပြန်လည်ကြား ယောင်မိပြန်သည်။ သူက...

“ဟိုးအရင်က ငါ့ကို သိပ်ချုပ်ချယ်တာ။ အရက် မသောက်ရ၊ ဆေးလိပ် မသောက်ရနဲ့လေ။ ငါဆိုတဲ့ ကောင်ကလည်း အရမ်းကို သာယာခဲ့တာပေါ့ကွာ။ အဟား သူ့ကောင်နဲ့လည်း ပြန်ပြီးအဆင်ပြေသွားရော၊ ငါက ဘေးကို ရောက်ခြင်း မလှ ရောက်သွားတာကွ။ ဟား...ဟား ဟား ဟား...” ဟု ခြောက်ကပ်စွာ ရယ်မော ရင်း ရင်ဖွင့်သည်။ ထို့ နောက်...

“မင်းကွာ စဉ်းစား ကြည့်စမ်း။ ငါ့ကို ဆေးလိပ် မသောက်ရ၊ အရက် မသောက်ရဆိုတဲ့ မိန်းမ။ ဟိုလူ၊ ဒီလူနဲ့ သ၀န်တိုတယ် ဆိုတဲ့ မိန်းမတောက်... ကွာ”
ဟုဆိုကာ စကားခဏ ရပ်သွားသည်။ ပြီးတော့ ဦးခေါင်းကို မော့မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့်

“ဟား... ဟား... ဟား ခုတော့ သူကိုယ်တိုင် အမြည်း လုပ်ပေးနေပြီကွ သိရဲ့လား။ အဲ့လို မိန်းမကို ငါက ဘာလို့ နှမြော နေရ မလဲ။ ဆောရီးပဲ ဟားဟား ...ဟားဟား....” ဟု အော်ဟစ်ကာ ရယ်မောသည်။ ဒါပေမယ့် အသံတို့က အက် ကွဲလျက်နှင့်..

ဤသို့ဆိုလျှင် ကိုယ့် ဇာတ်လမ်းကရော။ ကိုယ် သည် သူမနှင့် လက်ချင်း ချိတ်ကာ လမ်းလျှောက်ဖူးသည်။ နှစ်ယောက် အတူတူ ရုပ်ရှင် ကြည့်ဖူးသည်။ ကိုယ့် ပခုံးထက်၌ သူမသည် မှီနွဲ့ကာ တီတီတာတာ စကားများကို ပြောဖူးခဲ့သည်။ ကိုယ်သည် အလစ်အငိုက် အခြေ အနေမျိုးတို့၌ သူမ၏ ပါးပြင်အား ပါးလျ ထိကပ်စွာ မွှေးကြူခဲ့ဖူးသေးသည်။

သို့ပေမယ့် “ချစ်တယ်” ဟူသော နှုတ်ထွက် စကားအား မကြားဖူးသေးချေ။ ဟိုအရင် ရှိခဲ့ဖူးသည့် သူမ၏ ရည်းစားဟောင်း အကြောင်း တစ်စွန်း တစ်စကြား သည့်အခါ “သြော် ဒါကြောင့် အဖြေ မပေးတာကိုး”ဟု ကိုယ် စကားနာ ထိုးဖူးသည်။ ထို စကားကို သူမသည်လည်း ဆတ်ဆတ်ခါ နာခဲ့ဖူးသည်။ ထို့နောက် တရားဝင် ချစ်သူ ဘ၀ ရောက်ရှိရေး အဆုံး အဖြတ် စကားအား ဒီနေ့၌ ကြားနာရမည်ဟု သတ်မှတ် ပေးသည်။ ထိုစဉ်က ထိုအတွေးတို့ဖြင့် ကိုယ်သည် ကြည်နူးခဲ့ရသည်။ သူမ သည်လည်း ပျော်ကောင်း ပျော်ဖူးလိမ့်မည်။ ဒါပေမယ့် ခုချိန်မှာတော့...

သူမ၏ ရည်းစားဦးဆို သူသည် သူမကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ပြန်လည် လိမ္မာပြခြင်းဖြင့် လည်းကောင်း၊ ထိုစကား၌ သာယာ ယစ်မူးသွားသည့် သူမ၏ စိတ်တို့သည် လည်းကောင်း စသည့် အရာအားလုံးတို့သည် ကိုယ့်မျှော်လင့်ချက်များအား ရက်စက်စွာ နင်းခြေသတ် ဖြတ်လေသည်။
ပန်းသတင်းနှင့် လူသတင်းသည် လေညင်းနှင့် လူချင်းသာ ဆောင်ကြ ကြောင်း သိကြပေလိမ့်မည်။ ကိုယ်သည် သူမ၏ သတင်းအား အတင်း တစ်ခုသာ ဖြစ် ကြောင်း ဇွတ်မှိတ်ကာ ခံယူ ထားသည်။

သူနှင့် သူမတို့အား “မေတ္တာရိပ်” စားသောက် ဆိုင်၌ တွေ့ရှိခဲ့ပြီးနောက် အတင်းမဟုတ် ခိုင်လုံသော မျက်မြင်သတင်း တစ်ခုဖြစ်ကြောင်း လက်ခံလိုက်ရသည်။
စားနေကျ ဆိုင်တွင် မစားဘဲ“မေတ္တာရိပ်”မှ ပသျှူး ထမင်းကြော် တစ်ပွဲအား စားချင်မိခဲ့သော ကိုယ့်စိတ်ကြောင့် ဒီလို အခြေအနေကို ဖြစ်စေခဲ့သည်။ ထိုနေ့က ကိုယ်မသွား ဖြစ်ခဲ့ရင်ကောင်း မည်။ သူမသည်လည်း ကိုယ့်ကိုမြင်တိုင်း မျက်လွှာ ချသွားစရာ လိုမည် မဟုတ်ပါ။

စစတွေ့သည့် အချိန်၌ သူမ၏ ဣနြေ္ဒ ပျက်ယွင်းမှု သည် သိသာလွန်းသည်။ ကိုယ်နှင့် မိတ်ဆက်ပေးသည့် အချိန်များမှာ အထစ်ထစ် အငေါ့ငေါ့...။ စကားတို့ သည် မှားယွင်းနေသည်။ ကိုယ်သည် မှာပြီးသားကို “စားပွဲထိုး”အား ပါဆယ်ထုပ် ခိုင်းလိုက်သည်။ သူမ ဆက်လက် အနေ ကျပ်စေမည့် အခြေအနေမျိုးကို ကိုယ် မဖန်တီးချင်ပါ။

သူမသည်လည်း ရည်းစားဦးကို မလွန်ဆန်နိုင်သူ တစ်ယောက်ဖြစ်မှန်း နောက်ကျစွာ သိခွင့်ရခဲ့လေပြီ။ ထိုနေ့မှစ၍ ကိုယ်နှင့် သူမတို့သည် မတိုင်ပင်ဘဲ ရှောင်လွှဲ နေခဲ့ကြသည်။ သူနှင့် သူမကိုသာ မကြာခဏ တွေ့ရကြောင်း သူငယ်ချင်းများက ပြောကြသည်။ ဇာတ်စုံ မသိသော သူငယ်ချင်းများအား သူမ၏ အစ်ကိုတစ်ဝမ်း ကွဲသာ ဖြစ်ကြောင်း ကိုယ်က လိုက်လံ ရှင်းပြမိသည်။

ကိုယ်နှင့် သူမ လူချင်း ဆုံမိကြတိုင်း သူမ နှုတ်ခမ်းဆီမှ တစ်ခုခု ပြောချင်နေဟန် တွေ့ရတတ်သည်။ ဒါပေမယ့် နှုတ်ခမ်းကို ကိုက်ကာ သူမ ဆီမှ စကား ထွက်မလာတတ်။
“ဗျူးပွိုင့်”

ဒီမြို့လေး၏ အလှဆုံး နေရာ။ နေ၀င် ဆည်းဆာချိန် အား ဆိတ်ငြိမ်စွာ ခံစားကြည့် ရှုနိုင်မည့် နေရာလေးတစ်ခု။ အပန်းဖြေ သူများနှင့် အလွမ်း ဖြေကြသူများ၊ စိတ်ပြေလက် ပျောက်သမားများတို့၏ စိတ်ကြိုက် တွေးတောနိုင်သော နေရာလေးလည်း ဖြစ်သည်။ ဒီနေရာလေးသည် ယခု အချိန်၌ သူမ မလာရဲဆုံး နေရာလေး ဖြစ်လိမ့်မည်။ ထို့အတူ ကိုယ်သည်လည်း သူမ မတွေ့ချင်ဆုံး လူ တစ်ယောက်ဖြစ်လိမ့်မည်။ ကိုယ့်စိတ်သည် သူမ၏ ထိုအကြောက်တရားများ ပျောက်ပြယ်စေချင်သည့် ဆန္ဒတို့နှင့် စိုးမိုးနေသည်။ ဒါဟာ အချစ်ဟု အမည်တပ် ရမည်လား။ နေမင်းကြီးသည် အနောက်ဘက်တောင်တန်း တွေဆီသို့ တအိအိ ဆင်းသက် နေသည်။ တောင်စွယ်နေ မကွယ်မီ နှလုံးသား တစ်ခု၏ စီရင်ခန်းသည် မည်သို့ဖြစ် လာမည်နည်း။

ကိုယ်သည် ဟိုဒီငေး မောနေစဉ် လေညင်းလေး တစ်ချက် ခပ်သော့သော့ တိုက်ခတ်သွားသည်။ ကိုယ့် ဆံပင်တို့သည် လေနှင့်အတူ မျောပါရင်း ပခုံးသားပေါ်သို့ ပြန်ဝဲကျသည်။ သူမ မကြိုက် တတ်သည့် ဆံပင်ရှည်များ မညှပ်ဘဲ ထားခဲ့သည်မှာ ကာလ အတန်ကြာပြီဟု တွေး မိပြန်သည်။ ဒါကရော သူမကို သိမ်မွေ့စွာ ဆန့်ကျင် မိခြင်းများလား။

သူမရောက်ရှိလာချိန်၌ ကိုယ့်အတွေးစတို့သည် ရပ် တန့်သွားသည်။ ကိုယ်သည် အကျင့် တစ်ခုလို ဖြစ်နေသော အပြုံးနှင့် သူမအား ဆီးကြို လိုက်သည်။ သူမသည် ဟိုသည်ဝေ့၀ဲ မလုံမလဲနှင့် ကြည့်ကာ မျက်လွှာတို့ကို အောက်ချပြီး ကိုယ့်နံဘေး၌ ၀င်ထိုင်သည်။ အတန်ကြာအောင် ထိုင်ပြီးသည် အထိ သူမထံမှ ဘာ စကားသံမှ မကြားရ။

“ဟိတ်...ဘာတွေ တွေးနေတာလဲ”ဟု ကိုယ် စကား စလိုက်သည်။ သူမ သည် တိတ်ဆိတ် ထိတ်လန့် စွာနှင့် ဦးခေါင်းကို မော့သည်။ နှုတ်ခမ်းတို့ တပြင်ပြင်နှင့် စကားစတို့ ခြောက်ကပ်နေ ပြန်သည်။
“ဟင် ဘာဖြစ်လို့လဲ၊ ဘာစကား ဖြစ်ဖြစ်ပါ။ ကြားချင်လှပြီ”

ထိုစကားကို ကိုယ်သည် လိုသည်ထက် ပိုမိုပေါ့ ပါးစွာ ပြောလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်၌ သူမအား သက်သောင့်သက်သာ ရှိစေ ချင်သည်။
သူမသည် ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း...
“ငါလေ” ဟုစကား စကာ ဘာမှ ထပ်မပြော။ ကိုယ်ကိုယ့်ကို အားပေးသည့် အပြုံးလား၊ သူမကို အားပေးသည့် အပြုံးလား မသဲကွဲ သည့် အပြုံး တစ်ပွင့်အား ပြုံးပြလိုက်သည်။ သူမ သက်ပြင်းရှည် တစ်ခုကိုချ လိုက်ရင်း...

“ငါလေ... ငါလေ... ဟို”

“အင်း ပြောပါဦး”

“ငါလေ...ငါနင့်ကို ...ကျွတ်”

ကိုယ်သည် ဤမျှ လောက် ကြောက်စရာ ကောင်းနေသည်လား။
“ပြောပါဟ...စိတ်ထဲ ရှိသလိုသာပြော”ဟုဆိုကာ ကိုယ် အခြား တစ်ဖက်သို့ မျက်နှာ လွှဲပေးလိုက်သည်။ သူမ လွတ်လပ် ပေါ့ပါးစွာ ပြောနိုင်စေချင်သည်။

“ငါလေ...နင့်ကို ဒီနေ့ထိ...ဟိုကိစ္စက”

သူမ ဘာကို ပြောရ ခက်နေသည်လဲ။ ကိုယ်ဘာမှ ပြန်မပြောတော့။ သူမဆက်၍
“ငါလေ ဒီနေ့ထိလေ နင့်ကို နောက်ခဲ့တာဟ”ဟု ဆို သည်။ ငုံ့ထားသော ခေါင်းသည် ပြန်မတ်မလာတော့။ ကိုယ်သည် ခဏမှင်တက် သွားပြီးနောက် အားရစွာပြုံး မိလိုက်သည်။

အချစ်အမုန်းဟူသော စကားများ မပါ။ နှစ်ဦး နှစ်ဖက် နားခံသာမည့် စကားလုံးအား ရွေးချယ် ပြောသွားသည့် သူမကို ကိုယ်ပြုံး ကြည့်ရင်း စကားတစ်ခွန်း ပြောလိုက်သည်။ ရင်ထဲမှာ တော့ နင့်ခနဲ...။
“ငါလည်း နောက်တာ”

အန္တရာယ် အသွယ် သွယ်ကြားမှ မထင်မှတ်ဘဲ လွတ်မြောက်သွားသူ တစ်ယောက်၏ မျက်ဝန်းမျိုး သူမ ထံမှ တွေ့လိုက်ရသည်။
ဒါပဲ ဖြစ်သည်။ ဒီနေ့သည် “နောက်တာ”ဟူသော စကားလုံးနှင့် မထင်မှတ်စွာ ဇာတ်သိမ်း လိုက်ရသည်။ သူမသည် “အဲ့လို နောက်ရ ကောင်းလား”ဟု ဆိုကာ လက်သီးဆုပ် နုနုလေးနှင့် ကိုယ့်ရင်ဘတ်ကို ခပ်ဖွဖွ ထုသေးသည်။

“နင်ကလေ အရမ်း အနောက် သန်တာပဲ”ဟုလည်း ဆိုသေးသည်။ ပြီးတော့ တုန်ယင်ကာ မျက်ရည်များ ဝေ့သီနေသည်။ ဘာကြောင့်လဲ။ ကိုယ့်ကို သနား၍လား။

ကိုယ်သည် တစ်သက် နှင့်တစ်ကိုယ် သူတစ်ပါးအား နောက်ပြောင်ခြင်း မရှိခဲ့ကြောင်း သူမ ကောင်းကောင်း သိပါသည်။ အချစ်ဆိုသည် မှာလည်း ကျီစား၍ မကောင်းသော အရာမှန်း သူမ ကောင်းကောင်း သိလောက်ပါ သည်။ ဘာကြောင့်ဖြစ်ဖြစ် လက်ချင်းချိတ်ကာ လမ်းလျှောက်ခဲ့ဖူးခြင်းသည် လည်းကောင်း၊ နှစ်ယောက် အတူ ရုပ်ရှင်ကြည့်ဖူးခြင်း သည်လည်းကောင်း၊ ကိုယ့် ပခုံးပေါ်မှီနွဲ့ကာ ဆိုခဲ့ဖူးသည့် တီတီတာတာ စကားတို့သည် လည်းကောင်း၊ သာယာ ကြည်နူးဖွယ် အလစ်အငိုက် အနမ်းတို့သည် လည်းကောင်း အားလုံးသော အရာတို့သည် ဒီနေ့ “နောက်တာ” ဟူသော စကားတစ်ခွန်း အတွက် အစ ချီလာခဲ့ခြင်းများသာ ဖြစ်သည်ဟု ကိုယ်မှတ်ယူ ရလိမ့်မည်။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် ကိုယ်သည် ကိုယ့်အပေါင်းအသင်း မိတ်ဆွေများကို စတတ် နောက်တတ်အောင် ကြိုးစားသည်။ နောက် ဟာသကား များ၊ အငြိမ့်ခွေများကို ဟိုး တုန်းကထက် ပိုကြည့်ဖြစ်သည်။ အထူးသဖြင့် ပြက်လုံးများကို သေချာစွာ နားထောင် မိသည်။
ပြက်လုံး တစ်ခုစီကို လည်း လေးနက်စွာ ရယ်မော ဖြစ်ခဲ့သည်။ သို့သော်လည်း တစ်ခုခု လိုနေသလိုပင်...

သေသေချာချာ ပြန် လည်စဉ်းစားကြည့်မှ လိုအပ် ချက် တစ်ခုကို ကိုယ်သွားတွေ့ သည်။ ထိုပြက်လုံးတို့သည် ကိုယ်ကိုယ်တိုင် ပါဝင်၍ တစ်သက်မှာ တစ်ခါသာ ပြက်ခဲ့ဖူးသော ပြက်လုံးလောက် ရယ်စရာ မကောင်းကြောင်းနှင့် ကိုယ့်ရင်ကို မထိကြောင်းကို တွေ့ရလေသည်။
“နောက်...တာ”
ကိုယ်ခပ်တိုးတိုး ရေ ရွတ်ကြည့်သည်။

“ဟာ...ဟ နောက် တာ”
ကိုယ် နှစ်ခြိုက်သွား သည်။

“ဟား... ဟား၊ ဟား ဟား နောက်တာနော် နောက်တာ”
ကိုယ် အားရပါးရ ရယ်မော လိုက်တော့သည်။


ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ်

1 comment:

  1. အသစ်တွေ တင်အုံးလေ :D

    ReplyDelete