Tuesday 5 June 2012

''ပစ္စက္ခမြေဇာ''


“မိမိုး၊ ညည်းဟယ် ကိုယ်က ထိန်းမယ် မကြံဘူး” သမီး ဖြစ်သူကို ဆူပူရင်း ဒေါ်ကျော့ ပက်လက် ကုလားထိုင် ပေါ်မှ ထလိုက်တယ်။
ခုလို ကိစ္စတွေ ဒေါ်ကျော့ စိတ်ထဲမှာ တော်တော်လေး မကောင်းဘူး။  ဘာကြောင့် ရမလဲ။ ဒေါ်ကျော့ သမီးလေးပေါ့။ ခု ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာပြန်ပြီလေ။ ဒါနဲ့ဆို သုံးခေါက်မြောက်။ ကာယကံရှင် မိမိုးကတော့ ဘာမှ မဖြစ်သလိုပဲ။ ကလေးကို ဘေးမှာချပြီး လက်ထဲက ပါလာတဲ့ အထုပ်လေးကို ဖြေကြည့်နေတယ်။

“ဘာတွေလဲ”လို့ ဒေါ်ကျော့က မေးတော့-“ကိုရီးယား ကားတွေ” တဲ့။ ကောင်းရော။ ခုညား၊ ခုကွဲတွေ။ ဘာတွေမှန်းကို မသိတာ။ ဘ၀ အတွက်လား။ အချစ် အတွက်လား။ ကိုယ့်ကိုယ်ကိုယ်တောင် ရေရေလည်လည် သိကြရဲ့လား မသိပါဘူး။ အနာဂတ်တွေ၊ အတိတ်တွေ ဆိုတာကကော တွေးမှ တွေးမိကြရဲ့လား မသိ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေ ကျကြ။ အိမ်ထောင်မှုက မနိုင်။

အလုပ်အကိုင်ကျတော့လည်း လက်ကြောက မတင်းနဲ့။ ပေါင်းလို့မှ မကြာသေးဘူး ကွဲကြပြန်ပြီ။ သူတို့ ဘာသာ ကွဲရုံမကလို့ ကြေချင်ကြေပေါ့။ သူတို့နှစ် ယောက် (ကန်တော့ပါရဲ့) ဆတ်ဆော့လို့ ဖြစ်လာတဲ့  ဒီသွေး ဒီသားလေးတွေကိုပါ ဒုက္ခတွေ ပေးနေသလိုပဲ။

သားဟဲ့၊ သမီးဟဲ့ဆိုတဲ့ သံယောဇဉ်လေး၊ မေတ္တာလေးတောင် မရှိကြဘူး ထင်ပါရဲ့။ သူတို့ဘာသာ ကွဲကြကွာကြ။ အဲ-ပြီးတော့ ကလေးတွေကို အဘိုး၊ အဘွားနဲ့ ထားပစ်ခဲ့ပြီး လူပျို၊ အပျို လုပ်နေကြတာတွေ ဒေါ်ကျော့တို့ အနားမှာ ပုံလို့။

ကလေးတွေကလည်း အတိတ်က ၀ဋ်ပဲလားတော့ မသိပါဘူး။ အဖေ၊ အမေ အရှင်လတ်လတ် ရှိလျက်နဲ့ အတူ မနေရတဲ့ဘ၀။
“အမေ၊ သမီး လဲ့ရည်တို့ဘက် သွားဦးမယ်”
ဆိုပြီး ကလေးကို ဒေါ်ကျော့အနား လာချတယ်။

အင်း- တွေးလို့မှ မဆုံးသေးဘူး။ ခုလည်းကြည့်။ ကလေး အမေတဲ့။ ၀တ်ထားတဲ့ စကတ်က ပေါင်လယ်နားမှာ။ အပေါ်အင်္ကျီက တီရှပ် အကျပ်။ မ၀တ်နဲ့၊ မစားနဲ့လို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ လူပုံအလယ် သွားရင်းလာရင်း ကလေးက နို့ဆာပါပြီ တဲ့ အဲဒီ ၀တ်စုံနဲ့ ဘယ်လို လုပ်မလဲ။ ခက်ပါတယ်။

“ဟူး...”
ဒေါ်ကျော့ သက်ပြင်းပူ တစ်ခုကိုပဲ မှုတ်ထုတ် လိုက်ရတယ်။

“ပြန်သွားပေါ့ သမီးရယ်။ ဘာလို့ စိတ်လိုက်မာန်ပါ လုပ်ချင်ရတာလဲ။ မိန်းမ တစ်ယောက် ဒါမျိုး ခဏ ခဏဖြစ်ရင် အများ ကဲ့ရဲ့စရာ ဖြစ်တာပေါ့”

ညနေခင်း အိမ်ရှေ့ကွပ် ပျစ်မှာ ဆန်ရွေးရင်း ဒေါ်ကျော့က ပြောနေတာ။  မိမိုး ဆန်ကူ ရွေးနေတယ် ထင်ရင် မှားသွားလိမ့်မယ်။ ဘေးက ကုလားထိုင် မှာ စာအုပ် ထိုင်ဖတ်နေတာ။
“ဘယ်သူ ကဲ့ရဲ့မှာလဲ အမေရာ။ သူလို ကိုယ်လိုတွေက ကဲ့ရဲ့လို့ကတော့ မိမိုး အကြောင်း ကောင်းကောင်း သိသွားမှာပေါ့”တဲ့။

လက်က စာအုပ်အဖတ် မပျက်ဘဲ ပြောတယ်။
ဒေါ်ကျော့က-
“ဘယ်ကနေ ဘယ်လို စဖြစ်ကြတာလဲ”

လို့ မေးတော့ မိမိုး စာအုပ်ကို ခဏပိတ်လိုက်ပြီး-
“အမေ မသိပါဘူး အမေရာ။ သူ့အမေနဲ့ သမီးက ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ဟိုအကောင်ကလည်း အစကတော့ ချစ်လှချေရဲ့ ကြိုက်လှချေရဲ့နဲ့။ ခုကျတော့ သူ့အမေဘက်က ချည်းပဲ။ တစ်ခါ၊ နှစ်ခါဆို အကြောင်း မဟုတ်ပါဘူး။

“တော်ကြာ ဗီဒီယို ကြည့်ကြည့်ပြန်ပြီ။ စာအုပ် ငှားဖတ် ဖတ်ပြန်ပြီနဲ့။ ကိုယ့် ဘာသာ အေးဆေးနေလို့ကို မရဘူး။ ဟိုကောင်ကလည်း ပြန်လာတာနဲ့ သူ့အမေ ပြောသမျှ နားထောင်။ ပြီးတာနဲ့ ဟုတ်သားပဲ မင်းကလည်း၊ ဟုတ်သားပဲ မင်းကလည်းနဲ့ သားအမိ နှစ်ယောက် ညီလည်း ညီပါ့”တဲ့။

“သြော်-”
ဆိုတဲ့ တစ်လုံးပဲ ဒေါ်ကျော့ ရေရွတ်လိုက်နိုင် တယ်။

ဘာမှ ပြောမထွက် တော့ဘူး။ ပြောစရာလည်း မလိုတော့ဘူးလေ။ သူ့သမီး အကြောင်း သူ အသိဆုံး မဟုတ်လား။ ငယ်ငယ်ကတည်းက အိမ်မှာ ပေါ်ကြော့ နေလာခဲ့တဲ့ သူက အိမ်မှုကိစ္စ ဆိုတာ ဘာမှန်းတောင် သိတာ မဟုတ်ဘူး။ လူကငယ်ငယ်၊ ပုံစံက မကျနဲ့။ အနေမတတ် အထိုင်မတတ်နဲ့ ဘယ်ယောက္ခမက ကြည်ဖြူနိုင်ပါ့ မလဲ။ ဒီကြားထဲ လမ်းက များလိုက်သေးတယ်။

ကိုရီးယားကားလေး ကြည့်လိုက်၊ စာအုပ်လေး ငှားဖတ်လိုက်နဲ့ တစ်နေကုန်လို့ ကိုယ့်ယောက်ျား ဘာလုပ်နေလဲ ဆိုတာတောင် စိတ်ဝင်စား ချင်တာ မဟုတ်ဘူး။
အင်း.. အဖေကြီးသာ ပြန်လာရင်-
“ငါ မပြောလား မိကျော့ရဲ့”
လို့ပဲ လုပ်လိမ့်ဦးမယ်။

ညဘက် အိပ်ရာ ၀င်ချိန်ထိ မအိပ်နိုင်သေးသူက ဒေါ်ကျော့။ ကလေးက ပူလို့ များလား မသိဘူး။ လူးလိုက် လိမ့်လိုက်တာ ဒီဘက်က ကြားနေရတယ်။ သမီးဖြစ်တဲ့ သူက တစ်ချက်တစ်ချက် ဟောက်သံတောင် ထွက်လာ သေးတယ်။

“မေမေ၊ မေမေ၊ အင့် ဟင့် ချိုချို ချို့မယ်”

ဟော- ကလေးက နိုး သွားပြီ။ မိမိုးရဲ့ အသံက မကြားရ။ ဒေါ်ကျော့ မနေ သာတော့။
“သမီးလေး၊ သမီး လေး၊ ဟဲ့”

တော်တော် နှိုးပြီးမှ “အင်း အဲ”နဲ့ အသံကြားလိုက် ရပြီး-
“ဘာလဲ အမေကလည်း ဒီမှာ အိပ်ရေး မ၀ရတဲ့ကြား ထဲ”တဲ့။

ဒေါ်ကျော့ မှောင်ထဲကနေ မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်တယ်။
“ကလေး နို့ဆာလို့ ငိုနေပြီ မဟုတ်လား”

မိမိုး အိပ်ချင်မူးတူး အသံနဲ့-
“အဲဒါ ဘာဖြစ်လဲ အမေရာ၊ သူ့ဟာသူ ရအောင် စို့ပေါ့။ မရတော့လည်း မောပြီး အိပ်ပျော်သွားလိမ့်မယ်။ အမေရာ စိတ်ညစ်စရာ”

အသံကတော့ ထပြီး တိုက်မယ့် ပုံမပေါ်ဘူး။
ဒေါ်ကျော့ ခေါင်းခါ လိုက်ရင်း အဖေကြီး မနိုးအောင် ခပ်ဖွဖွ အထ၊ လက်တစ်ဖက်ကို ဆွဲချတာ ခံလိုက်ရတယ်။

လှည့်ကြည့် လိုက်တော့  အဖေကြီးရယ်။
အဖေကြီးက-
“နေစမ်း ကျော့ကျော့၊ မင်း အဲလိုတွေ အလုပ် ကောင်းလို့ ခုလိုတွေ ဖြစ်နေတာ။ ငါမပြောလိုက်ချင်ဘူး”  လို့ ဆိုရင်း ခြင်ထောင် လှန်ပြီး ထွက်သွားတယ်။

သမီးတို့ အခန်းဘက် အဖေကြီး လျှောက်သွားတဲ့ အသံကို ကြားလိုက်ရတယ်။
“သမီး မိမိုး၊ ဟဲ့ မိမိုး”
အဖေကြီး ခပ်ဆတ် ဆတ် အော်ပေမယ့် အထဲက ဘာမှ တုံ့ပြန်သံမကြားဘူး။
“မိမိုး”

“ဒုန်း...ဒုန်း”
နောက်ထပ် အခန်းနံရံ ကိုထုရင်း အော်တော့မှ မကျေ မနပ်နဲ့ နို့တိုက်တဲ့ အသံ ကြားလိုက်ရတယ်။ တစ်ဆက်တည်း ကလေးကို တစ်ခုခု လုပ်လိုက်တဲ့ ပုံပဲ။ ဗြဲခနဲ အသံ ထွက်လာရော။
“မိမိုး၊ ကလေးကို ဘာ လုပ်လိုက်တာလဲ။ အေး- နောက်တစ်ခါ ထပ်ကြားရင် နင်အသေပဲမှတ်”

ဆိုတဲ့ အဖေကြီးရဲ့ အသံလည်း ဆက်တိုက် ကြားလိုက်ရတယ်။
ဒေါ်ကျော့ မနေသာတော့၊ အခန်းထဲက ထွက်ပြီး သမီးတို့ အခန်းဘက် ကူးလိုက်တယ်။
ခြင်ထောင်ဖွင့်ပြီး ၀င် မယ်လုပ်လိုက်တော့ မြင် လိုက်ရတဲ့ မြင်ကွင်းက ဒေါ်ကျော့ ရင်ထဲမှာ နင့်ခနဲပဲ။
ကြည့်ဦးလေ။

အပေါ် အင်္ကျီကြယ်သီးတွေ ဖြုတ်ပြီး ပက်လက်လှန်နေတဲ့ သမီးနဲ့ ဗိုက်ပေါ်ကနေ ဟိုဘက် ပြုတ်ကျလိုက်၊ ဒီဘက် ပြုတ်ကျလိုက်နဲ့ နို့ကို မရမက စို့နေတဲ့ မြေးလေးကို တွေ့လိုက်ရတာကိုး။
“သမီးရယ်၊ ကလေးကို သေချာ တိုက်စမ်းပါ”
ဒေါ်ကျော့ အသံတွေတောင် တုန်သွားတယ်။ မိမိုး ခေါင်းကို တဗြင်းဗြင်း ကုတ်ပြီး ထထိုင်တယ်။

ပြီးတော့-
“တော်တော်ရှုပ်တဲ့ ကောင်၊ ရော့။ မျိုစို့”
ဆိုပြီး နို့တိုက်တယ်။

အတန်ကြာတော့ ကလေး နို့ဝသွားတဲ့ ပုံပဲ။ ဟိုဒီ ကြည့်ရင်း ထထိုင်တယ်။
“နင် မအိပ်သေးဘူးလား”
လို့ မိမိုးက အော်တယ်။

ကလေးက ခေါင်းခါပြ ရင်း ဟိုဟိုဒီဒီ ကြည့်နေပြန်တယ်။
“အိပ်တော့လေ၊ ငါ... တယ်”
ဆိုပြီး မိမိုး လက်နဲ့ အရွယ် ဒေါ်ကျော့ ၀င်ဟန့် လိုက်ရတယ်။

မိမိုး တစ်ဖက်ကို စောင်းလှဲချလိုက်ပြီး-
“နင့်ဟာနင် အိပ်ချင် အိပ်၊ မအိပ်ချင်နေ၊ ငါတော့ အိပ်ပြီ”တဲ့။

ကလေးက အနားကပ် ပြီး သူ့အမေကို လှုပ်နှိုးတယ်။
“ဖယ်စမ်း”
ဆိုပြီး မိမိုးက တွန်း လွှတ်တယ်။ ကလေးကမရ။

“မေမေ၊ မေမေ၊ ဖေဖေ ရော”တဲ့။
မိမိုးဖြေတဲ့ ပုံကြည့်ဦး-
“နင့်အဖေသေပြီ”တဲ့။

“ဟဲ့- ကောင်မလေး”
ဒေါ်ကျော့ အမြန်ဝင် ဟန့်လိုက်ရတယ်။

ကလေးက ကြမ်းပေါ် ၀မ်းလျား မှောက်ချလိုက်ပြီး ဘာသံမှ ထွက်မလာတော့ ဘူး။ ပြီးတော့ သူ့အမေနားကို အတင်း တိုးကပ်တယ်။
“ဘယ်လို ဖြစ်နေတာလဲ”
မိမိုးဆီက အသံထွက် လာတယ်။

ကလေးက ခေါင်းလေး ထောင်ပြီး-
“မေမေ၊ ဒါချို ဖေဖေက တရဲကြီး ဖြစ်သွားပြီပေါ့နော်။ လမ်းထိပ်က ဦးဦးက တေရင် တရဲ ဖြစ်သွားရောလို့ ပြောတယ်”
လို့ ငိုသံ တစ်ဝက်နဲ့ ပြောတယ်။ မိမိုးက ပြန်မဖြေဘူး။ တုတ်တုတ်တောင် မလှုပ်တော့ဘူး။

ဒေါ်ကျော့ ခေါင်းကိုခါ ရင်း မြေးဖြစ်သူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
မြေးလေးက မော့ ကြည့်ရင်း-
“ဖေဖေက တကယ် တရဲကြီး ဖြစ်သွားတာလား ဟင် ဘွားဘွား”
လို့မေးပြန်တယ်။

ဒေါ်ကျော့ ဘာမှ ပြန် မပြောဖြစ်ဘူး။ သက်ပြင်း ရှည်တစ်ခုကို ခပ်လေးလေး ချလိုက်ပြီး ကလေးလေး ကျောကို ပွတ်သပ် ပေးလိုက်တယ်။ မြေးလေးကလည်း ဒေါ်ကျော့ခါးကို တင်းတင်း ကျပ်ကျပ် ပြန်ဖက်တယ်။ ပြီးတော့ သူ့မျက်စိလေးတွေကို မှိတ်ဖို့ အတင်းကြိုးစား နေတယ်လေ။   
ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments:

Post a Comment