Wednesday 13 June 2012

''အင်တာဗျူး''

အချစ်နဲ့ သိပ္ပံကြားက ချမ်းထက်ဟန် PDF Print E-mail

ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ရွှေအသစ်နဲ့ ရွှေနှလုံးသား ကဏ္ဍများမှာ ပါဝင်တဲ့ ၀တ္ထုများထဲမှ ပရိသတ် အကြိုက်၊ စာဖတ်သူ အကြိုက် စာမူများ ရွေးချယ်ပြီး ဆုပေးလေ့ ရှိပါတယ်။ ၂၀၀၈ ဒီဇင်ဘာမှ ၂၀၀၉ နိုဝင်ဘာအထိ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြ ခံရတဲ့ ရွှေအသစ်၊ ရွှေနှလုံး သားများမှ စာဖတ်သူ အကြိုက်ဆုံး ရွှေနှလုံးသား ဆုကို ချမ်းထက်ဟန်က ရရှိ ခဲ့ပါတယ်။ ချမ်းထက်ဟန် က ၂၀၀၉ သြဂုတ်လထုတ် ရွှေအမြုတေမှာ ပါဝင်တဲ့ အချစ်နဲ့သိပ္ပံ ၀တ္ထုနဲ့ ဆုရရှိခြင်း ဖြစ်ပါတယ်။ စာဖတ်သူ အကြိုက် ဆုချီးမြှင့်ခြင်းက စတုတ္ထ အကြိမ် ရှိပြီ ဖြစ်ပြီး ၃ ကြိမ် ဆုရရှိတဲ့ ချမ်းထက်ဟန်ကို ဘယ်နှနှစ်ဆက်တိုက် ဆု ယူမှာလဲလို့ မေးတဲ့အခါ “ဆက်တိုက် မယူထားပါဘူး။ ပထမဆုနဲ့ တစ်နှစ်ခြားထား တယ်” လို့ ဆိုပါတယ်။

ဒီလို ဆုမျိုးရဖို့ ရည်ရွယ် ပြီးရေးခဲ့တာလား။

အဲဒီလို ရည်ရွယ်တာမျိုးတော့ မဟုတ်ဘူး။ ရေးပြီး သွားရင်တော့ ဆုလိုချင်တယ်။ ရေးတုန်းကတော့ ဆုရဖို့ရေးတာ မဟုတ်ဘူး။ စိတ်ထဲမှာ ထိရှတဲ့ အခိုက် အတန့်အတွင်း ရေးလိုက်ပြီး ပို့လိုက်တယ်။ ပို့ပြီးချိန်မှာ ဆု အတွက်တော့ လိုချင်တယ်။

ဒီနှစ် ဆုရတဲ့အချိန် ခံစားမှုနဲ့ ပထမဆုံး အကြိမ်ဆုရ တဲ့ခံစားမှု ကွာခြားမှု ရှိလား။

ကွာပါတယ်။ ပထမဆုံး တစ်ခေါက်လာတုန်းက ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ စိတ်ဝေေ၀၀ါးဝါးနဲ့ လာခဲ့တာ။ မနှစ် ကရတုန်းက ပျော်တဲ့ အပိုင်း ပါလာပြီ။ ဒီနှစ်တော့ ပိုပျော်တယ်။ ကိုယ့်ကို မှတ်မှတ်ရရ သိသိမှတ်မှတ် ပြုတဲ့ အတွက် ပိုပျော်တယ်။ ကိုယ့်နာမည်ထက် ကိုယ့်ဝတ္ထုကို အလေးထားတဲ့ အတွက် ပိုပျော်တယ်။

ပရိသတ်တွေ၊ စာဖတ်သူတွေက အကြိုက်ဆုံး ၀တ္ထု အဖြစ် သတ်မှတ်ခံရတဲ့ အခါ နောက်တစ်ခါ ၀တ္ထုတွေ ရေးဖို့ ယုံကြည်မှု ပိုရလာလား။

ယုံကြည်မှု ပိုရလာပြီး မရေးရဲတာတွေ နောက်ပိုင်းမှာ ရှိလာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ဝတ္ထုလေးကို ပရိသတ်က တန်ဖိုးထားတဲ့ အပိုင်း ပါသွားပြီလေ။ ကိုယ်က အဓိက မဟုတ်ပါဘူး။ ၀တ္ထုက အဓိကပါ။ ကိုယ်ရေး လိုက်တဲ့ ၀တ္ထုက ပရိသတ် တန်ဖိုးထားသလောက် ကောင်းပါ့မလားဆိုတဲ့ စိုးရိမ် စိတ်တော့ရှိတယ်။

အဲဒီလို စိုးရိမ်မှုတွေ ရှိတော့ ၀တ္ထုတစ်ပုဒ် ဖန်တီးတဲ့ အခါ အခက်အခဲများ ရှိမလား။

အခက်အခဲကတော့ ကြီးကြီးမားမား မရှိပါဘူး။ ဆရာ ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ပုံစံမျိုးနဲ့ ရေးတယ်။ အကြမ်း ရေးပြီးရင် အထပ်ထပ် အခေါက်ခေါက် ပြန်ကြည့် တယ်။ ကျွန်တော့်ဇာတ်လမ်း တွေက တိုတာများတယ်။ ဖြတ်ချပစ်တယ်။ အဓိက Message တစ်ခုကို ရောက်အောင် မလိုဘူး ထင်တာတွေ ဖြတ်ချတယ်။ အဓိက ကတော့ တစ်ရွက်နဲ့လည်း ပြီး ချင်ပြီးမယ်၊ နှစ်ရွက်နဲ့လည်း ပြီးချင်ပြီးမယ်။ ဘောင်တော့ ၀င်ရမယ်ပေါ့။ အဲဒီလို သတ်မှတ်ပြီး ရေးလိုက်တာပဲ။

စရေးကတည်းက ရွှေနှလုံးသား အတွက် ရည်ရွယ်ပြီး ရေးလိုက်တာလား။

ရေးပြီးမှ ခေါင်းစဉ်တပ် စဉ်းစားပြီး ပို့တာပါ။ ရွှေအသစ်တွေ ဆရာ ဦးဝင်းငြိမ်း ခေါ်ကတည်းက ရွှေနှလုံးသားကို ရေးဖို့ မရည်ရွယ်ဘူး။ ဆရာ့ဆီမှာ ၀တ္ထုသုံးပုဒ် အပယ်ခံရ ဖူးတယ်။ ဒုတိယ ပုဒ်မှာမှ ရွေးခံရတာ။ နောက်ရေးတာတွေ ကလည်း အချစ်နဲ့ ပတ်သက်တာတွေပဲ ဆိုတော့ ရွှေနှလုံးသားနဲ့ ကိုက်ညီတယ် ဆိုပြီး ပို့ တာ။ ကြားထဲမှာ နှစ်နှစ်သုံး နှစ်တော့ စောင့်ရပါတယ်။

အချစ်နဲ့ သိပ္ပံဝတ္ထုက ဘယ်လို စိတ်ကူးရပြီး ရေးဖြစ်တာလဲ။

ကျွန်တော် တီဗွီအစီ အစဉ်ကြည့်နေတုန်း သြစတြေးလျ နိုင်ငံသားတစ်ဦးက လက်ခုပ် တီးတယ်ဆို စက်ရုပ်လေးက နည်းမျိုးစုံ လုပ်ပြ တယ်ဆိုတာကို ကြည့်လိုက်ရတယ်။ ဒါလေးတောင် ပေါ်လာတယ်ဆိုရင် သိပ္ပံဝတ္ထု တစ်ပုဒ်ရေးချင်တယ် ဆိုပြီး ရေးလိုက်တယ်။ ရေးနေရင်းနဲ့ လူတွေကိုယ့်ကိုယ်ကိုယုံ ကြည်မှုလည်း ရှိရမယ်။ ရှင်းရှင်း ပြောရရင် ဘယ်ခေတ်ပဲ ရောက်ရောက် လူ့စိတ်ကို ဖတ်နိုင်တဲ့စက် မပေါ်နိုင်ဘူး လို့ထင်တယ်။ရေးရင်းနဲ့ အချစ် ဘက်နွယ်သွားတယ်ပေါ့ဗျာ။ အဓိကကတော့ မိန်းကလေး တွေရဲ့စိတ်ပေါ့။ ၀တ္ထုထဲမှာ လည်းပါပါတယ်။ ဗေဒင်ယုံတယ်၊ လက္ခဏာ ယုံတယ်ဆို တာထည့်ထားတယ်။ အများစုသော မိန်းကလေးက ယုံတာကိုး။ ဒါပေမယ့် သူတို့ နှစ်ယောက်ချစ်တဲ့ အချစ်ကိုလည်း ပြချင်တယ်။ စက်တွေ မယုံရ ဘူးဆိုတာလည်း ပြချင်တယ်။ မိန်းကလေးရဲ့ ယုံကြည်စိတ်၊ ယောက်ျားလေးရဲ့ အချစ်စိတ်ကို ပေါင်းထည့်ထားတာ”

အပြင်မှာ ဗေဒင်ယုံတဲ့ ကောင်မလေး ဘယ်နှယောက်နဲ့ ကြုံတွေ့ရဖူးလဲ။

ကျွန်တော့် သူငယ်ချင်း တော်တော်များများ ကြည့် လိုက်ရင် တစ်နှစ်ကို အနည်းဆုံး ဗေဒင်စာအုပ် တစ်အုပ်တော့ ၀ယ်နေကြတာပဲ။ သူ ငယ်ချင်းတွေကြည့်ရင်း တွေ့သလို အနီးကပ်ဖြစ်တဲ့ အမေ တို့၊ အစ်မတို့ကလည်း အဲဒီ လိုမျိုးရှိတာကိုး။ ရှင်းရှင်း ပြောရရင် တခြား မိန်းကလေး တွေကို သိမ်းကျုံးထည့်မယ့် အစား အမေနဲ့ အစ်မကိုပဲ ဥပမာ ပေးလိုက်တာ ကောင်းပါ တယ်။ တော်ကြာ ဒီကောင်ကြီးက မိန်းမတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် အပြော ခံနေရဦးမယ်။

အပြင်မှာရော ဆရာ ချမ်းထက်ဟန်ရဲ့ ချစ်သူက အဲဒီလိုမျိုး ယုံကြည်သူဆိုရင် လက်ခံနိုင်မလား။

ဒီဝတ္ထုထဲက ကောင် လေးကလည်း ကိုယ့်စိတ်နဲ့ ထပ်တူကျအောင် ရေးထားတဲ့ သဘောပဲလေ။ အပြင်မှာဒီလို ဖြစ်မယ်ဆို လက်ခံမှာ မဟုတ်ဘူး။ သူ့ရဲ့ အပြုအမူနဲ့ အပြော အဆို၊ သူ့ရဲ့ အနေအထိုင်၊ သူ့စိတ် ဘယ်လိုရှိတယ် ဆိုတာတွေ လက်ခံတာ။ လူချင်းဆက် သွယ်တဲ့သူက စိတ်ချင်းတော့ ဆက်သွယ်မယ်လို့ ထင်တယ်။ လူတိုင်း ဘေးပယောဂ၀င်တာ ကြောက်နေရင် ချစ်လို့ရမှာ မဟုတ်ဘူးလို့ ထင်တယ်။

အပြင်မှာရှိတဲ့ ဆရာ ချမ်းထက်ဟန်ရဲ့ကောင်မလေး က အဲဒီလိုမျိုးလား။

မေးကြည့်လိုက်ဦး မယ်။ ပြောလို့ရမလားလို့။

ဝတ္ထုကို မှတ်မှတ်ရရရှိ ပေးတဲ့အတွက် ကျေးဇူးတင် တယ်လို့ဆိုတဲ့ ချမ်းထက်ဟန် က မဲဘယ်လောက်ပဲ တက်တက်၊ တစ်ယောက်တည်းက တစ်မဲပဲ ပေးပေး အရမ်း ကျေးဇူးတင်တယ်၊ ကျေနပ်တယ်။ အခုလို မဲအများကြီး ပေးတဲ့အတွက် ကျေးဇူးလည်း တင်တယ်။ အတိုင်း မသိလည်း ၀မ်းသာတယ်။ ကိုယ့်မှာ ပရိသတ်လည်း ရှိတဲ့ အတွက် ပျော်ပါတယ်” လို့ ဆိုပါတယ်။ ဆရာဦးဝင်းငြိမ်း ရဲ့ မွေးနေ့ အမှတ်တရ ပေးတဲ့ ရွှေအမြုတေ စာပေဆုရဖို့ မမျှော်လင့်ဘဲ ဆရာ ဦးဝင်းငြိမ်းတို့ ပြောတဲ့ အတတ်ပညာ ပိုင်းဆိုတာမျိုး ၀တ္ထုမှာ မပါ တဲ့အတွက် မမျှော်မှန်း ပါဘူးလို့ ဆရာ ချမ်းထက်ဟန်က ဆိုပါသေးတယ်။


ခင်လေးမြင့်

1 comment:

  1. link ချိတ်ဖို့ ယူသွားပါတယ် ကိုချမ်း။
    လေးစားခင်မင်သော သတိုး

    ReplyDelete