Monday 4 June 2012

''အာရုဏ်နဲ့ အာရုံ''

PDF Print E-mail

“ဤအိမ်ရှိရာ လာဘ်တွေလာ၊ ဤအိမ်ရှိရာ လာဘ်များလာ၊ တို့များရှိရာလာဘ်တို့လာ၊ ရွှေလာဘ် တံခါးကြီး ဖွင့် ဖွင့် ဖွင့်”

မနက် စောစောစီးစီး ဒီလို သီချင်းသံလေး ကြားလိုက် ရတာက ဒီနေ့ တစ်နေ့တာ အတွက် အားသစ်လောင်း လိုက်သလိုပဲ။ ဒါ ခေါင်းရင်း တစ်အိမ်ကျော် ဦးစံမြင့်တို့ အိမ်က ဖွင့်တာပဲ ဖြစ်မယ်။ ဒီလူက မနက်ပိုင်း နေမပွင့်ခင် ကတည်းက ဒီလို သီချင်း လေးတွေကို ဖွင့်ပြီး မင်္ဂလာ ယူတတ်တဲ့သူ။ တစ်ပတ်မှာ မနက်ပိုင်း မီးလာတဲ့ ရက်က နှစ်ရက်ဆိုတော့ ကျွန်တော်တို့ လမ်းကြားလေးလည်း သူ့အိမ်လေး နည်းတူ တစ်ပတ်မှာ နှစ်ရက်တော့ မင်္ဂလာ ရှိတဲ့ သီချင်းလေးတွေ ကြားရတတ်တယ်။

နေလေး မပွင့်တပွင့် လောက်ရောက်တော့ ကျွန်တော် ထလိုက်တယ်။ ခြေ၊ လက်ဆေး၊ မျက်နှာ သစ်ပြီးတော့ ဆိုင်ကိုသွားဖို့ ပြင်ရတယ်။ မနေ့က ညကတည်းက စီစဉ်ထားတဲ့ အခွေတွေကို သူ့နေရာသူ စီစဉ်ပြီး အိတ်တွေထဲ ထည့်လိုက်တယ်။ ဆိုင်ရောက်မှ လက်ကျန် အခွေနဲ့ ရောတင် ရမယ်လေ။ ကျွန်တော့် အလုပ်က ခွေရောင်းတဲ့ အလုပ်ကိုး။

ဆိုင်ဆိုလို့လည်း ကြီးကြီး မားမားရယ် မဟုတ်ပါဘူး။ ဈေးနားက လက်ဖက်ရည် ဆိုင်လေး တစ်ဆိုင်ရှေ့မှာ ခွေလေးတွေ ဖြန့်ခင်းတဲ့ စားပွဲ နှစ်လုံးစာ နေရာလောက် ကလေးကို လက်ဖက်ရည် ဆိုင်ပိုင်ရှင်ကို အာပေါက် မတတ်ပြောပြီး ဖွင့်ထားတဲ့ ဆိုင်လေးပါ။

ဆိုင်ကို ရောက်တာနဲ့ ကိုယ့်ဆိုင်မခင်း ရသေးခင် လက်ဖက်ရည် ဆိုင်က ခုံလေးတွေကို အရင်ကူခင်း ပေးရတယ်။ ပြီးတော့မှ ကိုယ့်ဆိုင်လေး ခင်းဖို့ကို ပြင်ရတယ်။ ဈေးနဲ့နီးတော့ မနက် စောစောပိုင်း လာမှပို ရောင်းရတယ်။ ဈေးဝယ်တွေ အပြန်ကို စောင့်ရောင်း ရတာပေါ့။ အရင်က ဆိုရင်တော့ သိပ်ကိစ္စ မရှိပါဘူး။ ဒီအနီး အနားမှာ အခွေရောင်းတာ ကိုယ်တစ်ယောက်ရယ်။ မြတ်တာလည်း အရမ်း၊ ရောင်းရတာလည်း လက်မလည်ဘူး။

ခုနောက်ပိုင်း ဈေးထဲမှာ ခွေဆိုင်လေးတွေ ပေါ်လာတော့ သူတို့ထက် အခွေစုံအောင်၊ အခွေသစ်ဆို ဦးပြီးတင်နိုင် အောင်လို့ မနက်ကို စောစောထပြီး ဆိုင်ရောက်အောင် လုပ်နေရတယ်။ ကိုရီးယား ဇာတ်လမ်းတွဲ အသစ်ထွက်လို့ ကတော့ အမြန် မတင်နိုင်၊ စောစော မဖွင့်နိုင်ရင် သွားရောပဲ။

ဒီနေ့ မနက်တော့ နည်းနည်း ပိုရောင်းရတယ်။ အဓိ ကက ၂၀၁၂ ကားကြောင့်ပဲ။ သူ့ကြောင့် တစ်ကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်ရုံ မကဘူး။ ကျွန်တော်တို့ အခွေ ရောင်းသမား တွေလည်း တွက်ခြေ ကိုက်တယ်လေ။ “ကျေးဇူးပါ ရိုလန် အမ်းမရစ်” လို့ ပြောရတော့ မပေါ့။ ဒီလူ ဒီလိုရိုက်လို့ ဒီကကောင်တွေ ဒီလို နေနိုင်တာ။

အင်း ရယ်တော့ ရယ်ရသား။ ကျွန်တော်တို့ ကတော့ သူတို့ကို ပြန်ပြီး ကျေးဇူးမပြု နိုင်ပြန်ဘူး။ ဟုတ်တယ်လေ။ သူတို့က ငွေကြေး မြောက်မြားစွာ အကုန်အကျ ခံပြီး ရိုက်ထားရတာ။ ဒါကို ကျွန်တော်တို့လို ကောင်တွေက DVD Version  တောင် အထွက်မခံ တော့ဘူး။ ရုံကြီးထဲကို ၀င်ရိုက်လိုက် ကြပြီး ကူးရောင်း လိုက်ကြတာကိုး။ ဘာပဲ ဖြစ်ဖြစ်ပေါ့။ ရောင်းတဲ့ လူကလည်း မှုန်ဝါးဝါး တွေရောင်း။ ကြည့်တဲ့ လူတွေကလည်း မှုန်ဝါးဝါး တွေပဲ ၀ယ်ကြည့်နဲ့ ဆိုတော့ သူဘာသာ သူတော့ သဟဇာတ ဖြစ်နေတာပဲ။ လူနည်းနည်း ပါးသွားတော့ ဗိုက်ကလေးက ဆာလာတယ်။ နောက်ဆိုင်က လက်ဖက်ရည်နဲ့ ထမင်းသုပ် တစ်ပွဲ မှာလိုက်တယ်။ ခဏကြာတော့ စားပွဲထိုးလေး တစ်ဦး လာပေးတယ်။

“အစ်ကို၊ အသစ်ထွက်တဲ့ ရဲလေးနဲ့ ဂျေမီ အခွေပေး လိုက်ပါတဲ့”

“သြော်- အေး၊ အစ်ကို လာပို့ ပေးမယ်လို့၊ အိတ်ထဲက မထုတ် ရသေးလို့ လို့ ပြောလိုက်နော်”

ကျွန်တော် စကားပြန် လိုက်ရင်း အခွေကို အမြန် ရှာလိုက်တယ်။ DVE ထဲက ပေးမှ၊ VCD ထဲကဆိုရင် မလွယ်ဘူး။ ဒီဆိုင်က ကောင်တွေက အခွေကိုင်တာ စည်းကမ်းရှိတာ မဟုတ်ဘူး။ အထူးသဖြင့် ဆိုင်ရှင်ပဲ။ ကြည့်နေရင်းနဲ့ အခွေလေးများ ထစ်ထစ်ထစ်ထစ် မဖြစ်လိုက်နဲ့။ ဖြစ်လိုက်တာနဲ့ အခွေကို ပြန်ထုတ်ပြီး နီးရာ အ၀တ်စ တစ်ခုနဲ့ ကောက်သုတ် ပစ်တာပဲ။ ရောင်းရမယ့် အခွေလေးတွေ ပွန်းကုန်ရော။ “အဲ့ဒီလိုကြီး မလုပ် ပါနဲ့ဗျာ” လို့ ပြောလည်း မရဘူး။ သိပ်လည်း မပြောရဲဘူး။ သူ က လက်ဖက်ရည်ဆိုင် ပိုင်ရှင်လေ။ နောက်ပြီး အခွေတွေ ယူယူကြည့်ပြီး ပြန်မပေးဘဲ နေတာတို့၊ “၀ယ်မယ်ဗျာ” ဆို ပြီး အခွေမပေး၊ ပိုက်ဆံမပေး တာတွေလည်း ခဏ ခဏ။

တောင်းလည်း မတောင်းရဲဘူး။ နေရာလွတ် ကလေးတောင် မရဘဲ နေမှ ဒုက္ခ။ တစ်လောကတောင် နံပြားဖို ဒီနားလုပ်မယ် တကဲကဲ နဲ့မို့ တခြားနေရာ တစ်ခုကို မနည်းညွှန်း ယူရတယ်။ ဒီလို အချိန်မှာ အခွေဖိုး တောင်းလို့ ကောင်းမတဲ့လား။ ပြန်ပေးတဲ့ အခွေကိုယူ။ မပေးလည်း ဘယ်တတ်နိုင် မလဲ။ တစ်ခါ တလေ ဆုမဲလေး ဘာလေးပေါက်လို့ အလကား တိုက်တဲ့ လက်ဖက်ရည်လေး အတွက် ကြံဖန်ပြီးတောင် ကျေးဇူးတင် ရဦးမယ်။

နေ့လယ်ပိုင်း ရောက်ရင် ခွေကိုလည်း တင်ရတယ်။ ဈေးနဲ့ မလှမ်း မကမ်းက အလယ်တန်းကျောင်း ထမင်းစား ဆင်းချိန်လေ။ ကလေးများတော့ ကာတွန်း ကားလေးတွေ ပြောင်းတင်ထား ရတယ်။ ကြောင်နဲ့ကြွက် ဆိုရင် ခုချိန်ထိကို အတော်လေး ရောင်းနေရတုန်း။ ခုတစ် လောတောင် ဒီကလေးတွေ ကာတွန်းကားထက် ကိုရီးယား ကားကို ပိုကြည့်လာကြ သလိုပဲ။ ဘာဖြစ်လဲ၊ သူတို့ဘာသာ ဘာကြည့်ကြည့်ပေါ့။ ကိုယ်ရောင်းရ ဖို့က အဓိက ပဲလေ။ ဒါမှ ကိုယ့်ထမင်း အိုးလေး ဆန်နဲ့ မဝေးမှာ။

လက်ဖက်ရည် ဆိုင်ထဲ လူရှင်းသွားတော့ ဇာတ်လမ်း ကောင်းကောင်းလေး တစ်ခွေကို ကောင်တာမှာ သွားပေးရင်း နေ့လယ်စာ စားဖို့ ပြင်ရတယ်။ ဒါမှ ထမင်းစားရင်း ရေနွေးလေး ဘာလေး တောင်းရတာ အဆင်ပြေတာ။ တစ်ခါတလေ 5 Movies က ဇာတ်လမ်း ကောင်းနေရင်တော့ အကြောင်း မဟုတ်ဘူးပေါ့။

ထမင်းစားဖို့ ချိုင့်ကိုဖွင့် နေတဲ့အချိန် ဆိုင်ရှင်က အနား လာထိုင်တယ်။
“ဘယ်လိုလဲဗျ၊ ဂျပန်ခွေ အသစ် ထွက်သေးလား”

“မထွက်ဘူးဗျ၊ ဒါပေမဲ့ အဟောင်းတွေ ပြန်ပြီး Select: လုပ်ထားတာတော့ ပါတယ်”

ကျွန်တော် အမြန်ပြန် ဖြေလိုက်ရတယ်။ သူက အင်တင်တင် ပုံစံနဲ့ “ဟုတ်လား” တဲ့။ စိတ်မပါ သလိုလို ဘာ လိုလိုနဲ့။ ပြီးမှ ဟိုဒီဝေ့၀ဲ ကြည့် ပြီး-
“ကောင်းကော ကောင်းလား” တဲ့။

“ဟာ ဂွတ်ဒ်တယ် ဆရာ။ ဖွေးနေတာပဲ”
ဒါ ကျွန်တော်တို့ ခွေသမား တွေရဲ့ လက်ဆွဲ စကားပဲ။ ကိုယ့်အခွေက ဒါမှလည်း ရောင်းရမယ်လေ။

“ဟဲ ဟဲဟဲ ခင်ဗျားက တော့ ပြောလိုက်ရင်”

သူက တဟဲဟဲ ရယ်ရင်းနဲ့ပဲ “တစ်ခွေလောက် ထားခဲ့ဗျာ” တဲ့။

“ခဏလေးဗျ၊ ခု ခင်း မထား ရဲသေးဘူး၊ အိတ်ထဲမှာ ပြီးမှ လာပေးလှည့်မယ်”

သူက ဒါမျိုးတော့ ပိုက်ဆံပေး ကြည့်တတ်တယ်။ မြန်မြန်လုပ်ပေး ရမှာပေါ့။
ညနေစောင်းစ လောက်ရောက်တော့ ကျွန်တော့် ဗန်းထဲ အခွေ အသစ်က ကုန်လုပြီ။ အင်း- ပုံမှန် လာနေကျ နှစ်ဖွဲ့၊ သုံးဖွဲ့လောက် စောင့်လိုက်ဦးမှ။ တော်ကြာ အခြားဆိုင်တွေ ရောက်ကုန်ရင် မလွယ်ဘူး။ တော်တော်ကြာတော့ ကိုရီးယား အတွဲခွေ နှစ်ခွေရယ်၊ ၂၀၁၂ ကားရယ်၊ ရှိတဲ့လက် ကျန်လေးတွေ ရောင်းလိုက်ရတယ်။ ကျွန်တော်လည်း ဆိုင်ကို အပြီး သိမ်းလိုက်တယ်။ ခုံကို လက်ဖက်ရည် ဆိုင်ရဲ့ ခြံစည်းမှာ ကပ်ထောင်လိုက်ပြီး သံကြိုးနဲ့ ဆွဲတုပ် သော့ခတ်လိုက်တယ်။ ပြီးတော့ ကောင်တာကို သွားပြီး ဆိုင်ရှင်ကို ခွေပေးလိုက်တယ်။

လက်ဖက်ရည် ဆိုင်က နာရီကို ကြည့်လိုက်တော့ ၆ နာရီခွဲ။ လက်ဖက်ရည်ထိုင် သောက်ရရင် ကောင်းမလား။ မသောက်တော့ ပါဘူးလေ။ အခွေသွားယူ ဦးမှ ဖြစ်မယ်။ ဒီအခွေတွေက ရောင်းနေရတာ။ တစ်ခါတစ်ခါ ပြတ်သွားတတ်တယ်။ တော်ကြာ ဖောက်သည် ယူနေကျ ဆိုင်မှာပါ မရှိရင် နောက်နေ့ရောင်း စရာမရှိ ဖြစ်နေဦးမယ်။

အိမ်ပြန်တော့ အတော်လေး နောက်ကျနေပြီ။ အခွေ ဆိုင်မှာ အခွေစည်းတွေ ရေနေတာ နည်းနည်း ကြာသွားတယ်။ တစ်ခါတစ်ခါ အခွေက လျော့လာ တတ်တယ်လေ။ တစ်ခွေဆိုလည်း ကိုယ်ပဲ နာရတာ။ အပြန်မြို့လယ် နာရီစင်ကြီး အောက်က အပျိုကြီးတွေ ဆိုင်မှာ ထမင်းသုပ် ၀င်စားလိုက်တယ်။ နာရီ စင်ကြီးကို မော့ကြည့်မိတော့ ၈ နာရီ။ လက်က နာရီက ၁၀:၁၅။ အင်း- သူလည်း တစ်နေ့ နှစ် ကြိမ်တော့ မှန်ပါတယ်။

အိမ်ရောက်တော့ ရေမိုးချိုး အ၀တ်အစား လဲပြီးတော့ အိမ်ရှေ့ကွပ်ပျစ်မှာ ခဏလှဲနေ လိုက်တယ်။
“ရှင် ဒီနေ့ ခွေသစ်တွေ ယူလာ သေးတယ်မလား”

ဘယ်အချိန် အနား ရောက်လာမှန်း မသိတဲ့ ကျွန်တော့် မိန်းမရဲ့ အသံပါ။
“အေးလေ”

“ဒါဆို စမ်းဦးမှာပေါ့”

“အင်းပေါ့၊ ဒီနေ့ည မီးလာမှာလေ”

“ကျွန်မ မစောင့်တော့ ဘူးနော်။ မနက်က ဆိုင်သိမ်းတာ နောက်ကျတယ် အိပ်ချင်လှပြီ” ဆိုပြီး ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ပြီးတော့ အခန်းထဲကို ၀င်သွားတယ်။ သူလည်း တစ်နေ့တစ်နေ့ မနက်ဆို လမ်းထိပ် ကိုထွက် မုန့်ဟင်းခါးလေး၊ အသုပ်စုံလေး ရောင်းနဲ့။ နေ့လယ် ပြန်လာရင်လည်း နောက်နေ့ အတွက် ချက်ရ ပြုတ်ရနဲ့။ ညနေကျတော့ နား ရသလား မအောက်မေ့နဲ့ တကောက်ကောက် ပါနေတဲ့ သားကို ရေမိုးချိုးပေး ဘာပေးနဲ့ သားအိပ်မှပဲ သူလည်း အနားရတာ။

ဒီနေ့လို ကျွန်တော် နောက်ကျတဲ့ နေ့မျိုးဆိုရင် သူလည်း ကျွန်တော့်ကိုစောင့်ရင်း ငိုက်ပဲ။ အင်း- ၀ဋ်ပဲပါ လာခဲ့လို့ လားတော့ မသိဘူး။ တစ်အိမ်တည်း အတူတူ နေကြပါ လျက်နဲ့ မျက်နှာစုံညီ ထမင်းမစား ဖြစ်တာကို ကြာခဲ့ပြီ။ စား၊ ၀တ်၊ နေတဲ့။ စကားလုံး သုံးလုံးတည်း မို့ပဲ။ နေ့လည်းရှာရ၊ ညလည်းရှာရ မလွယ်ကို မလွယ်နိုင်တာ။ ထားပါလေ၊ ဒါတွေတွေး နေလို့ ကိုယ့်အလုပ် ပြီးမှာ မဟုတ်ဘူး။ ကျွန်တော် အခွေ စည်းတွေကို ဇာတ်လမ်းတွဲ ခွေတွေသပ်သပ်၊ တစ်ကားတည်း ပါတာတွေ သတ်သတ်၊ ဟိုဟိုဒီဒီ ကားတွေသတ်သတ် ခွဲလိုက်တယ်။ ပြီးတော့ စက်တွေကို ဖွင့်လိုက်တယ်။

စက်တွေ ဆိုလို့လည်း အထင်တကြီး မထင်လိုက် ပါနဲ့။ EVD ရော၊ DVD ပါရှိတာတော့ မှန်ပါတယ်။ EVD က ဈေးထဲက မဲပေါက်တာလေ။ DVD ကတော့ ပြင်ဆိုင်က ပြန်ဝယ်ထားတာ။ TV ဆို တာလည်း ၁၄ လက်မရယ်၊ အဲဒါကို Two Way ဂျက်ပင် ထိုးထားတာ။

နှစ်ဖက် စလုံးထဲမှာ ခွေကို ထည့်စမ်းကြည့်ပြီး EVD မှာ မဖတ်တဲ့ အခွေနဲ့ DVD မှာ မဖတ်တဲ့ အခွေဆိုပြီး ခွဲထားရတယ်။ လူတွေကလည်း ခိုးကူး ရောင်းတာတောင် ကွာလတီကို လျှော့ထားကြ သေးတယ်။ အဲဒီလိုတွေ ရွေးပြီးသွားရင် အခွေတွေကို မှတ်ထားပြီး မနက်ကျ ညွှန်းရောင်း ရောင်းရုံပဲ။ ဒါကြောင့် ထင်ပါတယ်။ ကျွန်တော့် ဆိုင်လေးက တခြားဆိုင်လေး တွေထက် ပိုရောင်းရတယ်။ အိမ်ထဲမှာ အားလုံးအိပ်သွား လောက်ပြီ ဆိုတော့မှ ဟိုခွေ ဒီခွေတွေကို စမ်းဖို့ ပြင်ရတယ်။ အခွေကို စက်ထဲထည့် လိုက်တယ်။

“ဂျွတ်”
ကျွန်တော့် နောက်နားက လာတဲ့အသံ။ ကျွန်တော် လှည့်ကြည့်တော့ သားလေးရယ်။ ကျွန်တော် စက်တွေကို ပိတ်လိုက်တယ်။

“သားလေး၊ မအိပ်သေး ဘူးလားကွ”

“တား ရှူးရှူးပေါက် ချင်လို့”

သူ့အမေ အိပ်ပျော်နေပြီ ထင်တယ်။
“လာလာ ဖေကြီးဆီလာ”

ကျွန်တော် အငယ်ကောင်ကို နောက်ဖေး လိုက်ပို့ ပြီး အိပ်ရာထဲကို လိုက်ပို့လိုက်တယ်။ မိန်းမက အဲဒီ အချိန်မှ နိုးလာပြီး “သားရှူး ရှူးပေါက်တာလား” တဲ့။ သားလေး ခေါင်းညိတ်ပြတယ်။ ကျွန်တော် ပြန်ထွက် ဖို့ပြင်တော့-
“တားလည်း လိုက်မယ်” ဆိုပြီး ဒီကောင် စခန်းထတယ်။

“အိပ်တော့ သားရယ် ညဥ့်နက်လှပြီ။ မိန်းမ၊ သိပ်လိုက်ကွာ၊ အခွေတွေက ကျန်သေးတယ်”

“ဟင့်အင်း လိုက်မှာပဲ ဂျာ”

သားလေးက ထိုင်ချလိုက်ပြီး ခြေကိုဆောင့်ရင်း ဆိုတယ်။ ကျွန်တော် ဒီကောင့်ကို တစ်ချက်ပြုံး ကြည့်လိုက်ရင်း။
“ကဲ- မင်းကလိုက်ပြီး ဘာလုပ်မှာလဲ၊ ပြော”

သားလေးက ကျွန်တော့်ကို ကြည့်ပြီးတော့-
“တား တံတွေး စုပ်တဲ့ကား ကြည့်ချင်တယ်”

“ဟေ ဘာ ဘယ်လို”
ကျွန်တော့် ခန္ဓာကိုယ် လေထဲမှာ မြောက်တက် သွားသလို ခံစား လိုက်ရတယ်။ တံတွေးစုပ်တဲ့ ကားတဲ့။ ဒါ ဒါ ဟိုကား တွေကိုများ...။
“သား ပြောစမ်း၊ သား ကို အဲ့ဒါ ဘယ်သူတွေ ပြောတာလဲ”

သားလေးက ခေါင်းကိုခါတယ်။ ကျွန်တော့် မိန်းမကို လှည့်ကြည့်တော့ သူလည်း ကျွန်တော့်ကို မျက်လုံးအပြူး သားနဲ့ ပြန်ကြည့်လို့။
“မိန်းမ၊ မင်း ငါမရှိတဲ့ အချိန်မှာ ကလေး ဘေးထားပြီး ကြည့်မိသေးလား”

“အိုတော် ရာရာစစ ကျုပ်က အဲ့ဒီကားကို ကြည့်ပြီး ဘာလုပ် ရမှာလဲ၊ မပြောလိုက် ချင်ဘူး။ ရှင်ဟိုကြည့် ဒီ ကြည့်နဲ့၊ ကလေးက မြင်သလားမှ မသိတာ”

အဲ- ဒါလည်း ဟုတ်တာပဲ။
“ဟုတ်ဘူး” တဲ့။ သားလေးဆီက အသံ။

“ဦးညင့်မော်တို့ ပြောတာ၊ အဲ့ဒါ လူကြီးတွေ ကြည့်တဲ့ ကာတွန်းကားတဲ့၊ သားလည်း ကြည့်ချင်တာပေါ့” ဆိုပြီး ငိုမဲ့မဲ့ လုပ်နေတယ်။ လမ်းထိပ်က ဆိုက်ကားသမား မြင့်မောင်တို့ ပြောလိုက်တာ ဖြစ်မှာပေါ့။
“မိန်းမ၊ မင်း သိပ်လိုက်တော့ကွာ”

“အိပ်ပါဘူးဆို”

မိန်းမက သားလေးကို ဆွဲလှဲ ချလိုက်တယ်။ ကျွန်တော် အခန်းပြင်ကို ရောက်တော့ ရင်ထဲမှာ တစ်ဆို့ဆို့ ကြီးလိုပဲ။
“တံတွေး စုပ်တဲ့ကား” တဲ့။ နားထဲကို ၀င်လာပြန်တယ်။ ကျွန်တော်စက်တွေ အားလုံးကို ပိတ်ပစ်လိုက်တယ်။ ပြီးတော့ ဆေးပေါ့လိပ် တစ်လိပ်ကို မီးတို့လိုက်ပြီး ရင်ထဲကို ပြည့်ကျပ်သွားတဲ့ အထိ ရှိုက်ထည့်လိုက်တယ်။ ပြီးတော့မှ “ဖူး” ခနဲ ခပ်ပြင်းပြင်း တစ်ချက်မှုတ် ထုတ်လိုက်တယ်။ ဟိုး... ဝေးဝေးဆီက ကြက်ဖတွန်သံ တစ်ချက်ကြား လိုက်မိသလိုပဲ။ အရုဏ်တက် ပြီလား၊ ဒါမှမဟုတ် ကျွန်တော်ပဲ အာရုံတွေ နောက်နေတာလား။ မီးလည်း ပျက်တော့မယ်။ ဒီနေ့က ဦးစံမြင့်တို့ အိမ်က သီချင်းသံ ကြားရမယ့် နေ့မှ မဟုတ်တော့ဘဲ။
ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

No comments:

Post a Comment