Wednesday 13 June 2012

“အချစ်နဲ့ သိပ္ပံ“


ဒီလို ကိစ္စမျိုးဆိုတာ ဘယ်လိုမှ လက်ခံချင်စရာ မကောင်းဘူး ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ ရင်ထဲက လာတဲ့အချစ်ကို ကွန်ပျူတာပေါ်မှာ အဖြေရှာမယ်တဲ့။ မဖြစ်နိုင်ဘူးဗျာ။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါပေမယ့် ဒီနေ့ အဲဒီကိစ္စမှာ ကျွန်တော်က အစမ်းသပ် ခံရတော့မယ်။ “တီ...တီ...တီ..” ဟော ပြောရင်းဆိုရင်း ဖုန်းဝင်လာပြီ။ “ ဟ လို....၊ ပြောပါ”

“ချားလ်စ်လား၊ လာခဲ့တော့လေ၊ ဘယ်အချိန်ရှိနေပြီလဲ”

“ အော်ဒရီ ကိုယ် တစ်ခုလောက်တော့ ပြောချင်တယ် ကွာ”

“ဘာကိုလဲ”

“ကျွတ်၊ ဒီကိစ္စကြီးကကွာ၊ ဘယ်လိုမှ”

“ဘာလဲ ချားလ်စ်က ကိုယ့်အချစ်ကိုယ် မယုံလို့လား”

“မဟုတ်ဘူး အော်ဒရီ လေးရယ်။ မင်းကိုကိုယ် ဘယ်လောက် ချစ်တယ်ဆိုတာ မင်းအသိဆုံးပါကွာ”

“အပြင်မှာတောင် ဒီလောက် ချစ်နေရင် ကွန်ပျူတာမှာ ပေါ်လာတဲ့ အဖြေနဲ့ အော်ဒရီ သူငယ်ချင်းတွေကို ကြွားချင် သေးလို့ပါ ချားလ်စ်ရဲ့နော်။ လာခဲ့တော့နော် ရွှတ်”

ကျွန်တော် ဘာမှ မပြောရသေးဘူး။ အော်ဒရီ ဖုန်းချ သွားပြီ။ ကျွန်တော့်ရင်ထဲ အပူလုံးကြီး ဆောင့်တက် လာတယ်။ အဲဒီ ဆော့ဖ်ဝဲကို ဘယ်ကမြင်းမသားကထွင် လိုက်သည်မသိ။ အခု ဒုက္ခ ရောက်ရတော့မယ်။ သူ့ရဲ့ ဖွဲ့စည်းပုံက ဖန်သားပြင်ပေါ်မှာ အနီရောင် အသည်းပုံငါးခုပါတယ်။ ဖန်သားပြင်ပေါ် လက်တင်လိုက် ရုံနှင့် အဖြေကိုသိရမယ်။ မီးနီလေး သုံးပွင့်ဆိုလျှင်ချစ်တယ်။ လေးပွင့်ဆိုလျှင် အချစ်စစ် အချစ်မှန်ဆိုပဲ။ အဲ သုံးပွင့် အောက်ဆိုရင်တော့ ဟန်ဆောင် အချစ်တွေပါတဲ့။
ကဲ အဲ့လိုကိရိယာမျိုးက ရင်ထဲက အချစ်ကို တိုင်းတာလို့ ရပါ့မလား။ ရတယ်ပဲထားဦး။ ကိုယ့်အလှည့်ရောက်မှ စက်ချို့ယွင်းနေတာမျိုး ဖြစ်ရင်။ ဟူး ကျွန်တော် ဆက်မတွေးချင်တော့ဘူး။

၂။
ကျွန်တော် အော်ဒရီကို ၀င်ခေါ်တော့ သူ့မျက်နှာ အလွန်ပင် ပျော်ရွှင်နေတဲ့ပုံ။
“တစ်ခုခု စားဦးမလား အော်ဒရီ”

“မစားချင်း သေးပါဘူး ချားလ်စ်ရယ်။ ဟိုကိုသာ အရင်သွားရအောင်ပါ”

ကျွန်တော် စိတ်ညစ်ညစ်နှင့် ကားကိုမောင်းထွက် လိုက်တယ်။ လမ်းတစ်လျှောက် သူက ပြုံးပြုံး ပြုံးပြုံးနှင့် သူ့အတွေးနှင့်သူ ပျော်နေတယ်။ ကျွန်တော် ကက်ဆက် ဖွင့်လိုက်တယ်။
“အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့သူဆိုတာ ___”
ယနေ့မှ နှစ်တစ်ရာတိုင် သီချင်းသံ ပျံ့လွင့်လာတယ်။

“ဟယ်... ချားလ်စ် ယူ ဘယ်တုန်းက ဒီသီချင်းတွေ ရှာထားတာလဲ”

“မကြာသေးပါဘူး။ သပြေမှာ Select လုပ်ထားတာ။ ဟိုတုန်းက နာမည်ကြီး IC ရဲ့ L.M.N စီးရီးတွေ အကုန် ပြန်ကူးထား သေးတယ်။ နှစ်က တစ်ရာ နီးပါးလောက် ဖြစ်နေပြီ ဆိုတော့ မနည်းရှာ လိုက်ရသေးတယ်”

“အဟုတ်။ ချားလ်စ် အပြန် အော်ဒရီကို အဲဒီသီချင်းတွေ ပေးလိုက်ပါလား”

ကျွန်တော် သူ့ကိုကြည့် လိုက်ပြီး
“ဟန်နီ့အတွက်ပဲ ကူးထားတာ”

“ဟေး ဒါမှချားလ်စ် ကွ”
ဟု အော်ကာ ကျွန်တော့် ပခုံးကို တိုးဖက်လာတယ်။ ကားက ငြိမ့်ငြိမ့်လေး သွားနေဆဲ။

၃။
“ရှေ့နားလေးမှာ ချားလ်စ်၊ ကားကို အရှိန်လျှော့ ထားလိုက်”

ကျွန်တော် ကားကို အော်တို စတီယာရင် ပြောင်းပြီး လမ်းဘေး ၀ဲ၊ ယာသို့ ကြည့်လိုက်တယ်။
“ဟော ဟိုးကဟာလား ချစ်သက်သေ ဆိုတာလေ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ချားလ်စ် အဲဒီဘက် ကပ်ရပ်လိုက်”

သူမက မြူးနေပြီ။ ကျွန် တော်ကတော့ စိတ်တွေ လေးသထက်လေးလာပြီ။ အချစ်ဆုံး လူတောင် အသည်းလေး ခုပဲ လင်းတယ်တဲ့။
ကျွန်တော် အော်ဒရီကို ချစ်သလို သူမရဲ့ အချစ်ကို အကြွင်းမဲ့ ယုံကြည်တယ်။ ဒါပေမယ့် ဘာလို့ စိတ်တွေ လေးနေသည် မသိ။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော့်သူငယ်ချင်း တစ်ယောက် အသည်းနှစ်ပွင့် သာလင်း၍ သူ့ကောင်မလေး နှင့် ဇာတ်လမ်းပြီးသွားတယ်။ ဒီကောင် တကယ်ချစ်တာ ကျွန်တော်တို့ အားလုံးသိသလို သူ့ကောင်မလေးလည်း သိတယ်။

ဒါပေမယ့် ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း သူ့ ကောင်မလေးရဲ့စိတ်ကတော့ ဟိုးအရင်မိန်းမသားတွေရဲ့ စိတ်အတိုင်း ဗေဒင်ဆရာယုံ၊ ဂါထာယုံတွေထဲကပဲမို့ ဒီ ကွန်ပျူတာကို ယုံကြည်ပြီး ဒီကောင်ကြီးကို ထားရစ်ခဲ့ တယ်။ သူလည်း ကြေကွဲပြီး ကဗျာတွေရေး၊ ၀တ္ထုတွေရေး နဲ့ ခုဆို မဂ္ဂဇင်းတော်တော် များများမှာ နေရာရနေပြီ။

“၀င်ကြမယ်လေ ချားလ်စ်”
အော်ဒရီအသံကြားမှ ကျွန်တော် သတိ ၀င်လာတယ်။
“သြော်၊ ဟင် ၀င်လေ”

၎။
အထဲကို ၀င်ဝင်ချင်း ဧည့်ကြိုလေးက
“လာကြပါ။ ထိုင်ကြပါ ဦး။ ရှေ့မှာ တစ်တွဲစစ်နေလို့ ခဏစောင့်ပေးပါနော်”

“ရပါတယ်”
ဟု ဆိုကာ ကျွန်တော် လက်ကာပြလိုက်တယ်။
“တော်ပြီ မောင် ချစ်နဲ့ မပတ်သက်နဲ့တော့”

“မဟုတ်သေးဘူး အဲလစ်။ ကိုယ်နဲ့မဆိုင်ဘူး အဲလစ်ရယ်။ ဒီစက်ကြီးက ဟုတ်ချင်မှ ဟုတ်မှာပါကွာ”

“အို မသိဘူး”
အထဲကထွက်လာတဲ့ အတွဲ။ ဟိုက် အဲဒါမှ ဒုက္ခ။ သူတို့ကြည့်ရတာ အဆင်ပြေ လာပုံမရဘူး။ ဟိုကောင်တော့ ငိုပြီပဲ။

“၀င်လို့ရပါပြီ”
ဧည့်ကြိုလေး အနား ကပ်ပြီးလာပြောတယ်။ ကျွန်တော်တို့ထလိုက်တော့
“အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေး ပါတယ်”

ကျွန်တော် အထဲကို ရောက်တော့ အာခေါင်တွေ ခြောက်လာသလို ခံစားရတယ်။ ကျွန်တော် ကွန်ပျူတာရှေ့မှာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်တယ်။
“ကျေးဇူးပြုပြီး ဖန်သား ပြင်က လက်ဝါးပုံပေါ် လက်တင်လိုက်ပါ”
အနောက်ဘက်မှ အသံ ထွက်လာခြင်း ဖြစ်သည်။

“ဟူး”
ကျွန်တော် စိတ်ကို လျှော့ချလိုက်ပြီး လက်ဝါးပုံပေါ် လက်ကို တဖြည်းဖြည်း ချင်းတင်လိုက်သည်။

“ဒွီ ဒွီ ဒွီ”
ကြောက်မက်ဖွယ်ရာ အသံနှင့်အတူ ကျွန်တော့် မျက်လုံးတွေ ပွင့်သွားတယ်။ မော်နီတာပေါ်ရှိ အသည်းပုံ ငါးခုစလုံး မီးရောင်တွေရဲရဲ တောက်နေတာပဲ။
“ကွန်ဂရက်ကျူလေး ရှင်း မစ္စတာ။ ဂုဏ်ယူပါတယ် ဗျာ။ ဒါဟာ ပထမဆုံးဖြစ်ရပ် တစ်ခုပါပဲ”
ကျွန်တော် ပျော်သွား တယ်။

“၀ူး၊ ဟူး”
အော်ဒရီကို ပွေ့ဖက်ပြီး ခုန်ပေါက်လိုက်တယ်။ အော်ဒရီလည်း ပြုံးလျက်။

“သူငယ်ချင်းတွေ ကြွားလို့ရပြီ”ဟု အော်တယ်။

အတန် ကြာတော့
“ကဲ မစ္စကိုအလှည့်ပေး လိုက်ပါဦး မစ္စတာ”

“ဟာ ဟုတ်ကဲ့။ ဆောရီးဗျာ။ ကျွန်တော် အပျော်လွန်သွားလို့ပါ”

ကျွန်တော် အော်ဒရီကို နေရာ ဖယ်ပေးလိုက်တယ်။ အော်ဒရီက ခုံပေါ်ဝင်ထိုင်ရင်း ကျွန်တော့်ကိုမော့ကြည့်တယ်။
ကျွန်တော် သူမရဲ့လက် တစ်ဖက်ကိုဆုပ်ကိုင်ရင်း ပြုံးပြလိုက်တယ်။ အော်ဒရီ ခေါင်းတစ်ချက်ညိတ်ပြီး လက်ဝါးပုံပေါ် လက်တင် လိုက်တယ်။
“တီ တီ တီ”
အသံက တိုးလျလွန်း တယ်။ ထိုအသံပြတ်တောင်း ပြတ်တောင်းနှင့်အတူဖန်သား ပြင်ပေါ်က အသည်းပုံလေးတွေ မီးနှစ်လုံးသာ လင်းတယ်။ အော်ဒရီမျက်နှာ ကွက်ခနဲ ပျက်သွားပြီး
“ရှင်တို့စက်တွေ၊ ရှင်တို့ စက်တွေ တစ်ခုခုများ”

“၀မ်းနည်းပါတယ် မစ္စ။ ဒီလိုပဲပြောတတ်ကြပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့စက်တွေကို ရာနှုန်းပြည့် အာမခံပါတယ်”

“အိုး မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး”

အော်ဒရီ အော်ဟစ်ရင်း အသံတွေ တုန်လာတယ်။ ကျွန်တော် ကျသင့်ငွေအမြန် ရှင်းလိုက်ပြီး အော်ဒရီလက်ကိုဆွဲကာ ဆိုင်ပြင်ထွက်လိုက်တယ်။ အော်ဒရီက
“စက်စုတ်တွေ၊ စက်အစုတ်ကြီးတွေ”
ဟု အော်ဟစ်ကာ ပေါက်ကွဲတယ်။

“တော်ပါတော့ အော်ဒရီ ရယ်၊ လာပါ”
ကျွန်တော် အော်ဒရီကို မနည်းဆွဲခေါ်ရတယ်။ အော်ဒရီ မျက်ရည်တွေ ဝေ့နေတယ်။

၅။
လမ်းတစ်လျှောက် အော်ဒရီ စကားသံမထွက်။ မျက်ရည်တွေ လက်ကိုင်ပ၀ါ နှင့်သုတ်ရင်းသာ လိုက်ပါလာတယ်။ ကျွန်တော် ကားကို အော်တို စတီယာရင်ပြောင်း လိုက်ပြီး သူမအနားသို့ တိုးကပ်လိုက်တယ်။
“ဘာဖြစ်လို့ ငိုနေတာ လဲ အော်ဒရီ လေးရဲ့”
သူမ ကျွန်တော့်ကိုတစ် ချက်မော့ကြည့်ပြီး ရင်ခွင်ထဲ တိုးဝင်လာသည်။

“ချားလ်စ် တို့အချစ်ကို ယုံရဲ့လားဟင်” တဲ့။
ကျွန်တော်က “အဟား၊ အော်ဒရီရယ် မင်းကို ကိုယ်အချစ်ဆုံး ဖြစ်သလို မင်းကို အယုံကြည် ဆုံးပါကွာ။ ပြီးတော့ အဲ့လို စက်တွေကို မယုံကြည်ဘူးလို့ ကိုယ် ပြောထားဖူးတယ်လေ”

အော်ဒရီ မျက်ရည်စို့စို့ နှင့် ပြုံးရင်း...
“ဟုတ်တယ်နော် ချားလ်စ်။ စက်ပစ္စည်းတွေဆိုတာလေ လူတွေရဲ့ တကယ့် စိတ်ခံစားမှုကို ဘယ်လိုမှဖော် ထုတ်နိုင်မှာ မဟုတ်ဘူးနော်”
တဲ့။ ကျွန်တော် ပြုံးရင်း ခေါင်းညိတ်ပြလိုက်တယ်။
သူမက“တို့အချစ်ကို အကြွင်းမဲ့ ယုံစေချင်တယ် ချားလ်စ်ရယ်”
ဟု ဆိုကာ ကျွန်တော့် ခါးကို တိုးဖက်လိုက်တယ်။

ကျွန်တော် ဘာမှပြန်မပြော သေးဘဲ ကက်ဆက်ခလုတ် ကို နှိပ်လိုက်တယ်။
“ဆူးတွေနဲ့___လမ်းမလည်း___ဓားတွေ ခင်းထားပေမယ့် မင်းဆီ အရောက် လှမ်းမှာပဲဟေ့___ခြေထောက်ပေါက်ပြဲ ___ မိုးကလည်း သည်းနေဆဲ___ လမ်းလျှောက်ရင်း လမ်း ပျောက်ဆဲ___ငါ့တစ်ယောက်တည်း___”

လေးဖြူရဲ့ မင်းမှမင်းပဲ သီချင်းသံထွက်ပေါ်လာတယ်။ အော်ဒရီ မျက်စောင်းလှလှ လေးထိုးရင်း ကျွန်တော့်ဗိုက် ကို ခပ်ဖွဖွလိမ်တယ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သီချင်းတစ်ပုဒ် အခုမှတကယ် အသက်ဝင်နေတယ်။ ကျွန်တော် သူမရဲ့ မေးစေ့လေးကို ကိုင်ကာ သူမျက်နှာကိုမော့လိုက်တယ်။ ပြီးတော့ သူမ၏ နဖူးလေးကို ခပ်ဖွဖွလေး...။

“မင်းမှ မင်းပဲ___မင်း မှ မင်းပဲ ___
“မင်းတစ်ယောက် တည်း___မင်းပဲ” 

ချမ်းထက်ဟန်

2 comments:

  1. ချမ်းထက်ဟန်ကို စတင်သတိထား၊ လေးစားခင်မင်မိခဲ့တဲ့ ၀တ္ထုတိုလေးပါ။ ပရိတ်သတ်အကြိုက်ဆုံးဆုရတာ သတင်းကြားတော့ ပျော်ရွှင်ကျေနပ်မိခဲ့တာ။ အဲလို ၀တ္ထု လှလှလေးတွေ ထပ်ဖတ်ရဖို့ မျှော်လင့်နေပါတယ်။း))
    ရွှင်လန်းချမ်းမြေ့ပါစေ ဆရာချမ်း ခင်ဗျာ။

    ReplyDelete
  2. အချစ်နဲ့ သိပ္ပံး)ကောင်းလိုက်တဲ့ အတွေးလေး

    ReplyDelete