Wednesday, 4 July 2012

“မြေနီည”


၁။
“ဖူး”ခနဲ မှုတ်ထုတ် လိုက်သည့် ဆေးလိပ် မီးခိုးငွေ့ များကို လှဦး လိုက်ကြည့်မိသည်။ ပြီးတော့...

“မင်း ပြောတာက တကယ် ကျိန်းသေပါတယ် နော်”

“ဂလု...ဟွန်း... မင်းကလည်း တကယ်ပါကွ။
ငါ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာကွ” ဟု သောက်လက်စ ရေနွေးကို အမြန် မျိုချရင်း မောင်လွင်ဦး စကားပြန်၏။ လှဦးက မေးစေ့က မရှိ မဲ့ရှိမဲ့ အမွေး ငုတ်စိလေးတွေကို ပွတ်သည်။

“မင်း မေးကြည့်သေးလား”

“အေး မေးတယ်”

“သူက ဘာပြောလဲ”

“သူ ၀ယ်ထားတာတဲ့။ မဖြစ်နိုင်ပါဘူးကွာ။

မင်းလည်း သိသားနဲ့။ တကယ်လို့ ဒီကောင် ၀ယ်တယ်ဆိုရင်တောင် အဲ့လောက် နည်းနည်းလေးနဲ့ တို့ရပ်ကွက်ထဲဘယ်ကောင်က လိုက်ပို့မှာလဲ”

“ဆိုင်ကိုအပြည့်ခင်းထားတာလား”

မောင်လွင်ဦး
ခေါင်းခါလိုက်ရင်း...
“ဟင့်အင်း၊ ငါ အဲဒါကြောင့် ဒီကောင် ၀ယ်ထားတာ မဟုတ်ဘူးလို့ ကျိန်းသေပြောတာပေါ့ကွ။ မင်း ဒီကောင့်ဆိုင်ရှေ့ က ၀ိုင်းသုံးဝိုင်းသိတယ် မလား”

“အင်း...”

“အေး၊ အဲဒီဝိုင်းတွေတောင် အပြည့်ခင်း မထားဘူး။ တစ်ဝိုင်းတည်းကို ခင်းထားတာ။ ငါလည်း ငမျိုး မင်း ဘယ်က ၀ယ်တာလဲ ဘာညာမေးတာပေါ့။ ဒီ ကောင် ဖြေတာ မရေမရာပါ ကွာ။ ကျိန်းသေတယ် လှဦး ရာ၊ ဒီကောင် ၀ယ်လာတာ လုံးဝ မဟုတ်ဘူး။ အဲဒါ တို့ လမ်းထိပ်ကပဲ”

“ဟင်...ဒါဆို ဒီကောင့် လုပ်ချက်ကြီးက ပြင်းလှချည် လားကွာ”ဟု လှဦး ခေါင်း လေးညိတ်ကာ ညိတ်ကာနှင့် ဆိုသည်။ လက်ဖက် ပန်းကန်ထဲမှ နှမ်းစေ့လေးများကို လက်နဲ့ဖိချလိုက်ပြီး ကပ်ပါ လာသည့် နှမ်းစေ့လေးများကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

၂။
လှဦးနှင့် မောင်လွင်ဦး အကြိတ်အနယ်ပြောနေကြသည့်  အကြောင်းသည် မျိုးကြီးတို့ လက်ဖက်ရည် ဆိုင်ရှေ့၌ မြေနီ တစ်ပုံစာ တွေ့ခဲ့ခြင်းကိုဖြစ်၏။ ထိုမြေနီသည် လှဦးတို့ အဖို့ အရေးပါသည်။ မောင်လွင်ဦး ပြောသည့်အတိုင်းသာ မှန်ခဲ့ပါက မျိုးကြီးဆိုသည့်ကောင် လူလည် ကျထားခြင်းပင်။ ထို မြေနီများသည် လှဦးတို့တစ်ရပ် ကွက်လုံးနှင့် ဆိုင်သည့်အရာ။

တစ်ရပ်ကွက်လုံးနှင့် ဆိုင်သည့်၊ တစ်ရပ်ကွက်လုံး  ပိုင်သည့် ထိုမြေနီများသည် ရပ်ကွက်ထိပ် ရေအိုင်ကြီးမှာ ရှိ၏။ ထိုရေအိုင်ကြီးသည် နဂို ကတည်းက ရှိရင်းစွဲ ရေအိုင် ကြီး။ မြေနီများကတော့ ထို အိုင်ကြီးကို ဖို့ဖို့ လုပ်ကြရင်း  ရောက်လာခဲ့ခြင်းပင်။

ကျန်ခဲ့သော လအတော် များများက မြို့တွင်းရှိ လမ်း အတော်များများကို ကွန်ကရစ် လမ်းများ ခင်းကုန်သည်ဟု ကြားကြသည်။ လှဦးတို့ ရပ် ကွက်လမ်းကတော့ ရွှံ့မြေသား အတိနှင့်ရှိဆဲ။ သူတို့ရပ်ကွက် ကလေးသည် မြို့နှင့် အလှမ်း သိပ်မဝေး၊ ကားလမ်းမကြီးနံ ဘေးတွင် ဖြစ်သောကြောင့် မြို့သို့သွားရောက် အလုပ်ဆင်း ကြသူ အတော်များများရှိသည်။ ထိုသူတို့မှစကာ မြို့တွင်းရှိ တခြားရပ်ကွက်တွေ၊ လမ်းသစ် တွေနှင့်ဟု ကြားရမြင်ရဖန် များလာတော့ ရပ်ကွက်သား တို့ မရိုးမရွ၊ မနေနိုင် မထိုင် နိုင် ဖြစ်လာကြတော့သည်။ ဒီတော့ ရပ်ကွက် လူကြီးအိမ်မှာ စုကာဝေးကာနှင့် စည်းဝေး တိုင်ပင်ကြတော့သည်။

ဤရပ်ကွက်လေးသည် ကွန်ကရစ်လမ်း ဖြစ်နိုင်ဖို့ ဝေးစွ။ ရှိရင်းစွဲလမ်းကိုပင် မပျက်ဆီး မယိုယွင်းစေရန် ထိန်းသိမ်းဖို့ မတွေးနိုင်ကြ။ သို့သော် ယခုကဲ့သို့ မြို့ပေါ် ရပ်ကွက်များ ကွန်ကရစ်လမ်း အသီးသီး ဖြစ်လာကြပြီဆိုတော့ ကိုယ့်ရပ်ကွက်ကလေးလည်း ကွန်ကရစ်လမ်း မဖြစ်ချင်နေ။ ရွှံ့စပ်စပ်နှင့်ကိုတော့ ပြင်ဆင် ကြဖို့ ကြိုးစားချင် စိတ်လေးတွေ ပေါ်လာလေ၏။ မြို့တွင်းရှိ ကွန်ကရစ်လမ်း အတော် များများ၏ ထိပ်များတွင် တော့ မည်သည့် ပါတီမှ ဦးစီး ခင်းကျင်းသည်ဟု တွေ့ကြရ သည်။ ဤရပ်ကွက်ကလေး တွင်ကား ပါတီဝင်ဖြစ်မှန်း မသိ ဖြစ်နေသူများနှင့် မည်သည့် ပါတီကိုမှ မသိသောသူ များသာရှိသည်။ ယုတ်စွအဆုံး ချာပါတီကိုပင် မရောင်း။

သို့သော် ရပ်ကွက်မှ ရွှံ့ စပ်စပ်လမ်းကိုတော့ဖြင့် တစ် ခုခု ပြောင်းလဲသွားစေချင်ကြ သည်။ ဤသို့ဖြင့်...
“အားလုံး ငြိမ်ကြပါ ခင်ဗျာ။ ဒီနေ့ ခေါ်ရတဲ့ အစည်း အဝေးကတော့ အားလုံး လည်း သိကြပြီးသား ဖြစ်မှာပါ။ အဲတော့ ကျုပ်တို့ လုပ်စရာ ရှိတာ လုပ်နိုင်ဖို့ အတွက် အလှူငွေ လိုအပ်ပါတယ်”ဆို ပြီး အစည်းအဝေး တစ်ခု စတင် လိုက်လေသည်။ တကယ်တမ်း အစည်းအဝေး စပြီဆို ပြန်တော့ “တို့လမ်းတော့ ကွန်ကရစ်ဖြစ်ရချည်သေးရဲ့”ဆိုသည့် အတွေးတို့နှင့် အားလုံးတက် တက်ကြွကြွ။ မည်သို့မည်ပုံ လုပ်ကြရမည်။ မည်သို့စရ မည် စသည်စသည်ဖြင့် ပြောဆို စည်းဝေးကြပြီးနောက် နောက် ဆုံးရသည့်အဖြေအရအလှူ ငွေ စတင် ကောက်ခံရန်ပင်။

အလှူငွေ ကောက်ခံမှုကို နှစ်ပိုင်း ခွဲလိုက်ကြသည်။ ပထမဦးဆုံး ရပ်ကွက်တွင်းရှိ တစ်အိမ်ထောင်လျှင် မည် ၍မည်မျှဟူ၍ စာရင်းချုပ် လိုက်ကြသည်။ တချို့တချို့သော အကြောင်းကြောင်း ရှိသူများကတော့ဖြင့် ပိုမိုထည့် ၀င်ရမည်။ ပထမအဆင့်က တော့ သည်လောက်ပင်။ ဒုတိယအဆင့်အနေနှင့် လိုအပ် လာပါက လိုအပ်သလို ထပ်မံထည့်ဝင်ကြရမည်ဟူ သည့်စကားနှင့် အစည်း အဝေး သိမ်းလိုက်ကြ၏။

အလှူငွေ ကောက်ခံခြင်း ကိစ္စ အဆင်ပြေသည်။ သို့ပေမဲ့ တစ်ရပ်ကွက်လုံး၏ အိပ်မက်လိုတော့ ကွန်က ရစ်လမ်းတော့ မဖြစ်နိုင်။ သို့ပေမဲ့ မိုးတွင်းရောက်တိုင်း တဇွိဇွိနှင့် ရွှံ့သားမြေပေါ် လျှောက်နေရသည့် လမ်းကို တော့ တစ်ခုခုလုပ်ဖို့ ကျိန်းသေသွားပြီ။ အားလုံးဝိုင်းဝန်း ဆွေးနွေးကြပြန်သည်။

တချို့က ကန်ကြီးပတ် ပတ်လည်ကို တူးဆွကာ ထို မြေသားနှင့်ပင် လမ်းခင်း သင့်သည်ဟု အကြံပေးသည်။  သို့သော် နဂိုမြေသားကိုက မိုးရွာသည်နှင့် ပျော့အိအိ။ လမ်းသွားလမ်းလာ မကောင်း။ ဟိုးယခင်က ဤနေရာသည် လယ်ကွက်အဟောင်းများ ဖြစ်ခဲ့ဖူးသောကြောင့်လည်း ပါလိမ့်မည်။

“ကျုပ်ကတော့ ရိုးရိုး မြေသားတွေ၊ သဲတွေထက် မြေနီကို ပိုသဘောကျတယ် ဗျ။ ဈေးလည်း သင့်တယ်။ ပြီးတော့ ကျွန်တော်တို့ ကန် ကြီးဘေးက မြေသားဆိုရင် ဒုံရင်းဒုံရင်းပဲနေမှာ။ မြေနီဆို ရင် ခပ်သိပ်သိပ်လေး သာဖို့။ မိုးရွာလည်း အေးအေးပဲ”ဟူ သည့်စကားနှင့် မြေနီဝယ်ယူ လမ်းခင်းရေးကို သဘော တူလိုက်ကြသည်။ အလုပ် သမားလည်း အထူးအထွေ မငှားတော့။ အ၀ယ် မြေနီဒိုင် မှ တင်ပေးသမျှ ရပ်ကွက်ထိပ်မှာ ကိုယ့်လူနှင့် ကိုယ် ပြန်ချ ကြမည်။ အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်လုဆဲ ဆဲတွင် စကားတစ်ခွန်း ထပ်မံ ထွက်ပေါ်လာ၏။

“ကျွန်တော်တို့လမ်း တွေ မြေနီဖို့ကြတာတော့ ဟုတ်ပါရဲ့။ ရပ်ကွက်ထိပ်က  ရေအိုင်ကြီးကို ဖြတ်တဲ့လမ်း ကို ဘယ်လိုလုပ်ကြမလဲ”ဟူ ၍ ဖြစ်သည်။

ဟုတ်သည်။ ခုမှစဉ်း စားမိကြသည်က ရပ်ကွက် အ၀င်လမ်းထိပ်က ရေအိုင်ကြီး။ ရပ်ကွက်လေး မဖြစ်ပေါ်ခင် ကတည်းက ရှိခဲ့သည့် ရေအိုင် ကြီး။ ရေအိုင်ကြီးဟု ခေါ်သော်လည်း မိုးတွင်းသာ ရေ ရှိသည့်နေရာ။ ရေကလည်း တစ်တောင်ပင် မပြည့်ချင်။ သို့သော် မိုးရွာ ပြီးသွားပါက ရေပြန် မကျတော့။

ထိုရေသည် မိုးပြီး ဆောင်းလယ်လောက်ထိ ခံသည်။ ရပ်ကွက်ထဲသို့ ၀င်သည့် အဓိက လမ်းမသည် ထို ရေအိုင်ကြီး၏ အလယ်တည့် တည့်ပင်။ ရေအိုင်ကြီးက ပြန့် ကားကားနှင့် ရပ်ကွက်ထိပ်ကို ပိတ်ရပ်ထားသည့်ပုံစံ။ မိုး သည်းသည်းမည်းမည်းရွာပြီ ဆိုပါက ထိုရေအိုင်ကြီးကို ပတ်လျှောက်ကာ ရပ်ကွက် ထဲကို ၀င်ရ၏။ စိတ်မရှည် သူများကတော့ ပုဆိုး၊ ထဘီ တိုတိုဝတ်ကာ ဖြတ်လျှောက် ကြသည်။

မိုးတွင်းပိုင်းဖြတ် လျှောက်ကြသည်မှာ ပြဿနာ မရှိသော်လည်း မိုးကုန်ပြီး အနည်းငယ်ကြာလျှင် ဖြတ် လျှောက်၍ မကောင်းတော့။ အိုင်ကြီးအတွင်းက ရေများသည် ရေသေများ ဖြစ်သော ကြောင့် ယားတတ်သည်။ ပြီးတော့ ရေကျသွားပါက လည်း ရွှံ့သားများ တော်တော်နှင့် မမာ။ နွေဦးအ၀င် နှင့် မိုးဦးမကျခင်အချိန်ကို သာ ဤအိုင်အတွင်းမှ လမ်း ကို အသုံးချကြရသည်။

ထို့ကြောင့် ကန်ကြီးကို ဖို့ရန် အရင် စဉ်းစားလိုက်ကြသည်။ အဖြေကတော့ ကန် ကြီး၏အလယ်၊ ရပ်ကွက်လမ်း နှင့် တည့်တည့်အတိုင်း သာဖို့ သွားဖို့ပင်။ အားလုံးကိုယ် အိမ်ကိုယ်ပြန်ကြမည် အပြု။
“ဖို့ ဖို့ကတော့ ဟုတ်ပါ ပြီ။ ဘယ်ဘက်ကနေ စပြီး ဖို့ မှာလဲ။ ရပ်ကွက်ဘက်က လား။ ဒါမှမဟုတ် လမ်းမ ဘက်ကလား”

အဖြေတွေ တစ်ယောက်  တစ်ပေါက် ထွက်လာပြန်သည်။ နောက်ဆုံးရပ်ကွက် လူကြီးက ကားအ၀င်လွယ် သော လမ်းမကြီးဘက်က စဖို့မည်ဟုဆိုကာ စကားသံတို့ ကို အဆုံးသတ်လိုက်သည်။ ထိုသို့ အဆုံးမသတ်၍လည်း မရ။ လမ်းမကြီးမှ ထိုရေအိုင် ကြီးဆီ ရောက်ရန်ပင်အတော် ခရီးထောက်သေးသည်။

ဒီတော့ ဦးစိုးညွန့်ဆိုသူ က ထကာ...
“အဲလို ဖို့မယ်ဆိုရင် မျှောဖြစ်ဖြစ်၊ ၀ါးဖြစ်ဖြစ် လမ်းခင်းမယ့် ဘက်ရဲ့ တစ်ဖက်စီမှာ အရာပေးပြီး ငုတ် တွေ စိုက်သင့်တယ်။ ပြီးတော့ ဖို့သမျှကို အဲဒီ့ငုတ်နဲ့ တစ်ပြေးတည်း ၀ါးကပ်နဲ့ ကာရမယ်ဗျ။ ဒါမှ ဖို့မြေတွေ ရေအစားသက်သာမှာပေါ့။ အင်း ၀ါးတို့၊ မျှောတို့တော့ လိုမယ်ဗျ”ဟုပြောသည်။

ရပ်ကွက် လူကြီးက တော့ ဒါဖြစ်သင့်သည်ဟု ဆိုကာ ထောက်ခံသည်။ ရပ် ကွက်သားအချို့ကတော့ သိပ် မကြည်။ ဦးစိုးညွန့် ကိုယ်တိုင်က ၀ါး၊ ထရံ ရောင်းနေသည့်သူ ဖြစ်သောကြောင့်လည်း ပါမည်။ ဒီလိုနှင့် လမ်းကို စတင် ပြီး ဖို့ကြတော့သည်။ တစ်ရပ်ကွက်လုံး နေပူကျဲကျဲထဲ ပီတိခဲတွေ မျိုရင်းကိုယ့်ရေဘူး ကိုယ်ယူစနစ်နှင့် ခင်းကြသည်မှာ အိုင်ကြီး တစ်ဝက်ကျော်လာ သည်အထိကို ခဏလေးပင်။

အိုင်ကြီး တစ်ဝက်ကျော် ကျော်ခင်းပြီးသည့် နောက်တွင် ပြဿနာ တစ်ခု စသည်။ အလှူငွေ မလောက်တော့ ခြင်းပင်။ နောက်ထပ် အစည်းအဝေး တစ်ခုနှင့် နောက်ထပ် ကောက်ဖို့ ဆုံးဖြတ်လိုက်ကြ ပြန်သည်။ အားလုံးကလည်း လိုလိုလားလား ရှိ၏။ အိုင် ကြီး၏ တစ်ဝက်သို့ပင် မြေနီတို့ ရောက်ရှိနေကြပြီပဲ။ သို့ သော် ပထမ အကြိမ်ကလောက် ကောက်၍မရ။ ထက်ဝက် လျှော့ချလိုက်ရသည်။

ထိုသို့ ထပ်မံ စုစပ် ကောက်ခံပြီး ရေအိုင်ကြီးကို ထပ်ခင်းကြပြန်သည်။ အိုင် ကြီး အလယ် တည့်တည့်၌ မြေနီမြေသားများ ပြည့်ပြည့် မောက်မောက်နှင့် အတော်ပင် ရုပ်လုံး ပေါ်လာသည်။ ဤသို့ ဖို့ကြပြုကြရင်း ရပ်ကွက်ထိပ် အိုင်အစပ်နား မရောက် တရောက်တွင် အလှူငွေ တစ်ခါပြတ် သွားပြန်သည်။ ဒီလောက် နှစ်ကြိမ်နှစ်လား ကောက်သည်ကိုပင် မလောက် ဟုဆိုလာခြင်းကို ရပ်ကွက် သား အချို့လက်မခံချင်။ ဒါကို ရပ်ကွက် လူကြီး ဖြေရှင်းနိုင်သည်။

မြေနီသယ်ယူစရိတ် အသေးစိတ်စာရင်း၊ ၀ယ်ယူ သည့်မြေနီက ဘယ်နှကျင်း၊ ကားကြီးနှင့်က ဘယ်နှ ခေါက်၊ ကားလေးနှင့်က ဘယ်နှခေါက်စသည်စသည် သေချာရှင်းပြ၏။ သူ့ဘာသာသူ ကွက်တိ။ ရအိုင်ကြီးအစပ်နား အရောက်မှ အရာရာပြတ် တောက်သွားခြင်းကိုကား ဖြေရှင်းဖို့ မလွယ်တော့ချေ။  ထပ်မံကောက်ခံဖို့ရာလည်း အဆင်မပြေနိုင်။ ပထမ အကြိမ် မလောက်၍ ဒုတိယ တစ်ကြိမ်ပင် ကောက်ခံခဲ့ပြီး ပြီ။ ဒီရပ်ကွက်လေး ဤမျှ ငွေထွက်သည်ကပင် အံ့သြဖို့ ကောင်းနေပြီ။ သည်တော့ ဘယ်သူမှ ဘာမှဆက်မလှုပ် ရှား။ အိုင်ကြီး အလယ်တည့် တည့်ရှိ မြေနီမြေသားတို့သည် လည်း ဒီအတိုင်း။ တစ်လ... နှစ်လ...။

၃။
ဒါပဲဖြစ်သည်။ မျိုးကြီး တို့ဆိုင်ထဲတွင် မောင်လွင်ဦး တွေ့ခဲ့သည်ဆိုသည့် မြေနီတ ချို့၏ ဇာတ်လမ်းအစသည် ဒါပဲဖြစ်သည်။ မနေ့က မိုး နှစ်ကြိမ် ရွာသည်။ ရပ်ကွက် လမ်းလေးထဲ ရွှံ့စပ်စပ်နှင့် ဖြစ်သွား၏။ နောက်ထပ်တစ် ကြိမ်ခန့် မိုးကြီးကြီးကောင်း ကောင်းရွာချလိုက်ပါက ရပ် ကွက်အ၀င်လမ်းလေး ရေဖွေး ဖွေးနှင့် ဖြစ်သွားနိုင်သည်။ ပို၍ဆိုးသည်က ကန်ကြီး အလယ်မှ မြေနီအပုံကြီး ကြောင့်ပင်။ ထိုမြေနီအပုံကြီး ရှိနေသည့် အတွက် ရေသည် ကန်ထဲမှ လျှံထွက်ကာ ရပ် ကွက်တွင်း၌သာ မွေ့လျော် တော့မည်။ နဂိုကမှ ရေစပ်စပ် ရပ်ကွက်၊ လမ်းခင်းသည် ဆိုကာမှ အင်းလေးနှင့် နင် လားငါလား ဖြစ်ရတော့မည်။

ရပ်ကွက် အတွင်းထဲ မြေနီဝယ်ဖို့ကြဖို့ကလည်း မလွယ်။ ဤရပ်ကွက်သည် ငွေရွှင်လှသော ရပ်ကွက် မဟုတ်။ အကယ်၍ ၀ယ်နိုင် ပါကလည်း ကားကြီးနှင့်တစ် စီးတိုက်ဝယ်လျှင်ပင် တော်ရုံ ကား မလိုက်ချင်။ ကန်ကြီး ဖို့တုန်းကပင် အ၀င်လမ်းကို ကားသွားနိုင်ရန် မြေနီတစ်စီး ခွဲခန့် ဖို့ခဲ့ရသေးသည့် လမ်းမျိုး။

ဤသို့ အချက်အလက် များနှင့် ပြန်လည်တွက်ဆ ကြည့်လျှင် မျိုးကြီးဆိုင်မှ မြေနီတို့သည် ၀ယ်ထားခြင်း ဆိုသည်မှာ လုံးဝမဖြစ်နိုင်။ ထိုထက် ကျိန်းသေစွာပြောရ မည်ဆိုလျှင် ရေအိုင်ကြီးမှ မြေနီများပင် ဖြစ်လိမ့်မည်။

“မင်း ဘာလုပ်မယ် စိတ်ကူးထားလဲ”

မောင်လွင်ဦး ထပ်မေး သည်။ လှဦး ခြေထောက် တစ်ဖက် ဆန့်ထုတ်လိုက်ရင်း
“ဒီကောင် အဲလိုလုပ်တာ ဖောင်းတာကွ။ တစ်ရပ်ကွက်လုံး စုပြီး ၀ယ်ထားကြ တာလေကွာ။ တစ်ယောက် တည်း ဒီလိုလုပ်လို့ ဘယ်ရမလဲ”

“အေး...ငါလည်း အဲ ဒါကြောင့် မေးတာ မင်း ဘာ လုပ်မှာလဲလို့”

၎။
မနေ့က ရွာထားသည့် မိုးရေတို့ကြောင့် လမ်း လျှောက်ရသည်မှာ တဗွက် ဗွက်မြည်နေသည်။
“အသံလုံလုံ လျှောက် စမ်းပါ မောင်လွင်ဦးရ”

“ဟ...မင်းကလည်း ငါလည်း အသံထွက်အောင် တော့ တမင်လျှောက်ပါ့ မလား”

လှဦးတို့နှစ်ယောက် မှောင်ထဲမည်းထဲ လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ သူတို့ ဦးတည်ရာသည် ရပ် ကွက်ထိပ်ရှိ ရေအိုင်ကြီးဆီ။ ရေအိုင်ကြီးနား အရောက်တွင် လှဦး ဓာတ်မီး ထုတ်လိုက်သည်။ ထို့နောက် မြေကြီးနှင့် ကပ်ကာ ခလုတ်ဖွင့်လိုက် သည်။ မီးရောင်အုပ်အုပ် အောက်တွင် မြေနီစ တချို့ကို တွေ့လိုက်ရသည်။ မီးပြန် ပိတ်လိုက်ပြီး “ဒီနေရာပဲ”ဟု ဆိုသည်။

မောင်လွင်ဦး ပခုံးပေါ်မှ ပေါက်တူးကိုချကာ ခပ်ဆဆ ကိုင်လိုက်သည်။ မြေသား များ အနည်းငယ်မို့တက်သွား သည်ဟု ခံစားလိုက်မိ၏။
“လှဦး မင်း မြွေရေခွံ အိတ်ဖြဲထား၊ နှစ်ချက်လောက် ပေါက်ပြီးရင် တစ်ခါ ကျုံးမယ်”

“အေး...အသံလည်း အရမ်း မထွက်စေနဲ့ဦး”

“အေးပါ ငါ သိပါ တယ်”

စကားအဆုံး မောင်လွင် ဦး ပေါက်တူးကို အားကုန် လွှဲချလိုက်သည်။
“၀ှစ်”“ဇွိ”
“အိုကေ...အတုံး လိုက်ပဲ၊ ကဲ လာပြီ နောက် တစ်ချက်”

“၀ှစ်”“ဇွိ”

မိုးဖွားလေးတွေ ကျ လာသည်။ မောင်လွင်ဦး ပေါက်ပြီးသား မြေတွေကို အိတ်ထဲကျုံးလိုက်ကြသည်။ လှဦး ပေါက်တူးကို စမ်းကိုင် လိုက်သည်။
“ဟေ့ကောင် မောင်လွင်ဦး နောက်ဆုတ်နေနော်”

“အေးပါကွာ၊ အလွတ် ကြီးမှာပါ၊ ချမှာချစမ်းပါ”

“၀ှစ်”“ဇွိ”
“၀ှစ်”“ဇွိ”“ဇွိ”“ဇွိ”

“ဟာ...ဟေ့ကောင် ကြားလိုက်လား”

“အေး...ဘယ်ကလဲ ဟ...၊ ဖားသံလည်း မဟုတ် ဘာလည်း မဟုတ်”

“နင့်မေကလွှား ဖားသံ ပါလား၊ ဒီလောက် တဇွိဇွိ မြည်နေတာ ပေါက်တူးသံပဲ ဖြစ်မှာပေါ့။ ဟိုကောင် ထင်တယ်”

မျိုးကြီး ဖြစ်မည်ဟု ပြောလိုက်ခြင်းပင်။ လှဦးတို့ နှစ်ယောက် ခဏငြိမ်နေလိုက် သည်။ သိပ်မကြာလိုက်။
“ဇွိ”“ဇွိ”

ပေါက်တူးသံ ပေါ်လာ ပြန်သည်။
“ကဲ ပြန်စမယ် ဟေ့ ကောင်”ဟုဆိုကာ လှဦး ပေါက်တူးကို ကိုင်လိုက်သည်။
“ဖြစ်ပါ့မလားကွာ၊ ဟိုကောင် သိသွားဦးမယ်”

“ဟာ... မင်းကလည်း သူ သိတော့ရော ဘယ်သူ့ တိုင်မှာလဲ”

ပြောပြောဆိုဆိုနှင့် ပေါက်တူးကို လွှဲလိုက်သည်။
“၀ှစ်”“ဇွိ”

တစ်ချက်...
“၀ှစ်”“ဇွိ”
နှစ်ချက်...
“၀ှစ်”ဇွိ”
မီးရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ လှဦးနှင့် မောင်လွင်ဦး မြေပေါ် ၀ပ်ချလိုက်သည်။ ပြီးတော့ လှဦး မီးရောင် လာရာဆီသို့ လျင်မြန်စွာ ပြန်ထိုးလိုက်သည်။ အဖြစ်အပျက်တို့သည် စက္ကန့်ပိုင်းမျှပင်...။

“ဟင်...ဦးစော”

“ဟာ...လှဦး သြော် မောင်လွင်ဦးရောဟ”

လှဦးတို့နှစ်ယောက် ထလိုက်ကြသည်။ ဦးစော၊ လှဦးတို့နှစ်ယောက်အနားကို ကပ်လာရင်း...
“နည်းနည်းပါကွာ၊ မနေ့က မိုးရွာလိုက်တော့ကွာ ရေက မခြောက်ဘူး။ ပြီးတော့ နောက်ဖေးမီးဖိုဆောင်ကလည်း မြေကြီးပေါ်မှာဆိုတော့ ရေ၀င် နေလို့”

ဟု ရှည်လျားစွာ ရှင်း ပြသည်။
“ကျွန်တော်တို့လည်း နှစ်အိတ်လောက်ပါပဲ”

ဟု မောင်လွင်ဦး ပြန် ပြောလိုက်သည်။
“ဇွိ”“ဇွိ”
“ဟင်”
လှဦးရော မောင်လွင် ဦးပါ မျက်လုံးပြူးသွားသည်။ နောက်ထပ်အသံတစ်ခု...
“သြော်...ဟိုဘက်မှာ ငမိုးတို့လည်း ရှိတယ်ကွ၊ ကဲ...ကဲ...မင်းတို့နှစ်ယောက် လည်း မြန်မြန်လုပ်ကြ၊ တော် ကြာ သူများတွေ မြင်သွားရင် မကောင်းဘူး”ဟုဆိုကာ ဦး စော သူ့နေရာသူ ပြန်သွား၏။

“ဟ...ဟဟ”
“ဟဲ...ဟဲဟဲ”
လှဦးတို့ ရယ်လိုက်ကြ သည်။ ပြီးတော့ လှဦး ပေါက်တူးကို အားကုန်လွှဲချ လိုက်တော့သည်။
“၀ှစ်”“ဇွိ”
“ဇွိ”“ဇွိ”
ဟိုမှသည်မှ အသံတို့ မိုးဖွဲဖွဲကြား၌...။
ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

“အီမာနဲ့ တေလာဘီလာ အတွက်”


“အမေဘယ်လို လုပ်ရပါ့မလဲ သမီးလေးတို့ရယ်...”
ကျွန်မ ဘယ်လို ဆုံးဖြတ်ချက် ချရမယ် ဆိုတာ ပြောကြပါဦးရှင်။ တစ်နေ့လုံး၊ တစ်ညလုံး ကျွန်မ ငိုကြွေးခဲ့ရတာ မျက်ရည်တောင် ခန်းခြောက်နေ ပါပြီ။ ဘယ်သူမှ မကယ်နိုင်တော့ ဘူးလား။ နှစ်ယောက်ထဲက တစ်ယောက်လို့ ရွေးခိုင်းမယ့် အစား ကျွန်မကိုသာ သတ်ပစ်လိုက်ကြ ပါတော့ ဆရာတို့ရယ်။ နှစ်ယောက်ထဲက တစ်ယောက်တဲ့လား။ ကြည့်ပါဦးရှင်။ ကျွန်မ သမီးလေးတွေမှာ ဘာများ အပြစ်ရှိလို့လဲ။ ကျွန်မကို ပြောကြပါ။ မွေးစကတည်းက ခုချိန်ထိ မိဘအပေါ် ဘာမှ ဒုက္ခ မပေးဖူး သူလေးတွေပါ။

စားချိန်တန်စား၊ ကစားချိန်တန် ကစား၊ အိပ်ချိန် တန်အိပ်နဲ့ အင်မတန် လိမ္မာရေးခြား ရှိကြပါတယ်ရှင်။ ညီအစ်မ နှစ်ယောက်လည်း အင်မတန် ချစ်ကြပါတယ်။ မနက်စောစော ထလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် အာဝါးလေးတွေ ပေးကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် သစ်ပေးတယ်။ တစ်ယောက်ကို တစ်ယောက်ထမင်းခွံ့ကျွေးတယ်။ ချစ်စရာ ကဗျာလေး တချို့တစ်ဝက်တောင် ဆိုပြတတ်နေကြ ပါပြီ။

လက်ခုပ်တီးရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မမောနိုင် မပန်းနိုင် ညီညီညာညာ ဖြစ်အောင်လို့ ချိန်ညှိ ကပြကြတာပါပဲ။ မိနစ်ပိုင်းပဲ ရှင်သန်မယ် ဆိုကတည်းက ရင်ထိတ်ခဲ့ရတဲ့ ကျွန်မပါ။ ဒီအချိန်ထိတောင် ရှင်သန်ခွင့်ပေးခဲ့ ပြီးပြီပဲ ကံကြမ္မာရယ်။ အဲ့ဒီ နှလုံးသားလေးကို ညီအစ်မ နှစ်ယောက် စလုံးစာ အတွက် ကြံ့ခိုင်မှုလေး မြှင့်ပေးလှည့်ပါလား။ သမာဒေ၀ နတ်ကောင်းနတ်မြတ် အပေါင်း တို့ရယ်။ ညအိပ်ရာ ၀င်တိုင်း တစ်ဦးနဲ့တစ်ဦး ပျောက်သွားမှာ စိုးရိမ်သလိုနဲ့ ကျစ်ကျစ်ပါအောင် ဖက်အိပ်တတ်တဲ့ ညီအစ်မ နှစ်ယောက်ကို ဘယ်အင်အားနဲ့ တစ်ဘ၀စီ ခြားစေဖို့ ကျွန်မက ဆုံးဖြတ် ပေးရမှာပါလဲ။ ဒါ ကျွန်မ သမီးလေးတွေနော် ဆရာ။

ကျွန်မ ဆုံးဖြတ် ရွေးချယ်မှုမှာ တစ်ယောက်ကို ကယ်တင်သလို တစ်ယောက်ကို ကျွန်မက သတ်ပစ်ရမှာလား။
“မခွဲလို့ မရဘူးလေ။ အစ်မရဲ့သမီးလေးတွေ တစ်နေ့တခြား ပိန်ပိန်လာတယ် မဟုတ်လား၊ အရင်လို အမော သိပ်မခံနိုင်ကြ...”

တော်ကြပါတော့ရှင် ။ အဲဒီ စကားတွေကို ဆက်မပြောဘဲနဲ့ ကျွန်မကိုသာ သတ်လိုက်ကြ ပါတော့။ အားဆေးတွေ အများကြီး ကျွေးပြီး ပြန်ဝလာအောင် လုပ်လို့ မရဘူးလား ဆရာတို့ ရယ်။ ကျွန်မက အရူးမပါ။ ကျွန်မကို စိတ်ရှည် ရှည်ထားပြီး ပြန်ကြားပေးပါ ဆရာရယ်။

“အီမာရေ တေလာဘီလီရေ အမေ ဘယ်လို ဆုံးဖြတ်ရပါ့မလဲ သမီးလေးတို့ရယ်”

တော်တော်ကြာရင် သူတို့ လာခေါ်ကြရော့မယ်။ သမီးလေးတို့က တစ်ယောက်နဲ့ တစ်ယောက် စကာနောက်ကာနဲ့ ဆော့ကစားနေကြ ဆဲပဲ။ ဒီနေ့ဟာ ဘယ်သူ့အတွက် နောက်ဆုံးနေ့လဲ ဆိုတာကို သူတို့ခမျာ မသိရှာကြဘူး။ ကျွန်မကရော ဘယ်သူလို့ နာမည်တပ် လိုက်ပြီး နောက်တစ်ယောက်ကို...။
ခွဲစိတ်တာ မအောင်မြင်ဘဲ နှစ်ယောက်စလုံး စင်သွားခဲ့ရင်ရော “အို ဖွဟဲ့ လွဲပါစေ ပယ်ပါစေ”
ခွဲလို့စိတ်လို့ အောင်မြင်ပါပြီတဲ့။

“အမေ အီမာရော..”

ဒါမှမဟုတ်
“အမေ တေလာဘီလီရော...”လို့ တီတီ တာတာလေးများ မေးလာခဲ့ရင် ကျွန်မ ဘယ်လို ဖြေရပါ့မလဲ။

ကျန်ခဲ့တဲ့ သမီလေးခမျာမှာ...
နံနက်တိုင်း မွှေးမွှေးပေးစရာ ပါးပြင်လေး ပျောက်ဆုံးလို့၊ ထမင်းခွံ့ကျွေးမယ့် နှုတ်ခမ်း နီတာရဲလေး မတွေ့တော့လို့၊ လက်ခုပ်သံကြားရင် စည်းချက်ညီညီ ကပေးဖော်လေး မရှိတော့လို့၊ ညဘက် ဖက်အိပ်စရာ နေ့တူနံတူလေး ဘယ်မှာမှ ရှာမရလို့...ဆိုတဲ့ အကြောင်းလေးတွေနဲ့ အားငယ်စိတ် တွေဝင်လာခဲ့ရင်ရော။
ကျွန်မ ဘယ်လိုနည်းနဲ့ ဖြေသိမ့်ပေးနိုင် မလဲ။

နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်း မယ့်အစား နှစ်ယောက်စလုံးအတွက် ကျွန်မနှလုံး သားကို အစားပေး၊ ကျွန်မ သေပေးလို့များ မရ ဘူးလားရှင်။
အကြံဥာဏ်ကောင်းလေးများ မစကြပါရှင်။

ဝန်ခံချက်
(၂၃.၃.၂၀၁၀ တွင်ထွက်ရှိလာသော Good Health News ဂျာနယ်မှ သတင်းတစ်ပုဒ်အား ဖတ်ရှုမိပြီး အမေနေရာမှ နေ၍ ခံစားရေးဖွဲ့ပါသည်။ တကယ်တမ်း အမေဖြစ်သူ၏ ရင်နင့်စရာ ခံစားချက်ကိုတော့ မီနိုင်မည် မထင်ပါ။ ရည်ရွယ်ချက်က အားလုံးကို လေးလေး နက်နက် မျှဝေချင်လို့၊ ပြီးတော့ အီမာလား၊ တေလာဘီလီလား မသေချာသည့် လူလောကထဲမှာ ကျန်ရစ်မည့်သူ၊ နောက် လူ့လောကထဲမှ ဆောလျင်စွာ နှုတ်ဆက် ထွက်ခွာသွားမည့် သူလေးအတွက် ကျွန်တော်တို့ ၀ိုင်းဝန်းဆုတောင်း ပေးစေချင်လို့ပါဗျာ။)

ကဲ... ကျွန်တော့်ဆုတောင်း စပြီ။
“ဖြစ်နိုင်ရင် အံ့သြဖွယ်ရာ ဖြစ်ရပ်မျိုးနဲ့ ကြုံကာ နှစ်ဦးစလုံး အသက်ရှင်ပါစေ။ နှစ်ဦးစလုံး အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အဆုံး၊ ကျန်ရစ်သူ လေးလည်း စိတ်၊ ရုပ်၊ ခန္ဓာ အမြန်ဆုံး ကျန်းမာပါစေ။ နှုတ်ဆက် ထွက်ခွာသွားသူလေးလည်း ကောင်းရာသုဂတိလားပါစေ။


ချမ်းထက်ဟန်
                                                                                                                                        teen magazine

“အလွဲနေ့ ”

“ဒုတ်”

“အမယ်လေးဗျ”

“ဂွမ်၊ ဂလွမ်”
“ကုန်ပါပြီ ကုန်ပါပြီ”

အခန်းကျဉ်းလေးထဲ ဆူညံပွက်လော ရိုက်သွားတယ်။ “သွားပြီ သွားပြီ” ဟု ရေရွတ်ရင်း ကိုအောင်ဝင်း တစ်ယောက် ကြမ်းပြင်ပေါ်က ဟင်းတုံးများကို လိုက်ကောက်လိုက်တယ်။ ဒီနေ့ တစ်နေကုန် ဘာတွေ ဖြစ်နေသလဲ မသိ။ အကုန် အထစ်ထစ် အငေါ့ငေါ့ အလွဲလွဲ အချော်ချော်ချည်းပဲ။ ဘယ်နေရာမှ အဆင်မပြေဘူး။ မနက်ကလည်း အလှူတစ်ခု သွားခါနီး လက်ထဲ ကိုင်ထားတဲ့ စက်ဘီးသော့ ပျောက်သွားလို့ လမ်းလျှောက် သွားလိုက်ရသေးတယ်။ ခုလည်း ညနေစာ စားဖို့ ငါးကြော်နဲ့ ချဉ်ပေါင်ကြော် ၀ယ်ထားတာ။ အိတ်ထဲကနေ ပန်းကန်ထဲ ထည့်ပြီး ထမင်းစားပွဲဆီ ပြန်အလှည့် နောက်ဖေး မီးဖိုဆင့်နဲ့ ခလုတ် တိုက်ချလိုက်တာ ငါးကြော် နှစ်တုံးလည်း ကြမ်းပြင်ပေါ်မှာ ကျ၊ ချဉ်ပေါက်ရွက် ကြော်တွေလည်း မွစာကျဲလို့။

“ကိုအောင်ဝင်းရေ ဖုန်း”

ဟင်းတွေ ကောက်နေတုန်း
အိမ်ရှေ့ဆိုင်က ဖုန်းခေါ်သံ ကြားလိုက်ရတယ်။ ကိုအောင်ဝင်း ဟင်းခွက်ကို စားပွဲပေါ် ခဏတင်ပြီး အိမ်ရှေ့ကို ပြေးထွက်လိုက်တယ်။
“ဗြုတ်...”

“အာ... သွားပြီ၊ သွား ပြီ”

ဖိနပ်တစ်ဖက် ရွှံ့ဗွက်ထဲ နစ်ကာ သဲကြိုး ပြုတ်ထွက်သွားတာ။
“ဟာ... ဒုက္ခပါပဲ”

ကိုအောင်ဝင်း ဖိနပ်ကို ရွှံ့ထဲက ဆွဲထုတ်ပြီး ကြည့်လိုက်တော့ တကယ်သွားတာ တွေ့လိုက်ရတယ်။ သဲကြိုး ပြုတ်ရုံတင် မဟုတ် သဲကြိုး ပြတ်ထွက်သွားတာ။ ဘယ်လိုမှ လုပ်မရနိုင်တော့။ ဖိနပ်လေးကို နှမြောတသစွာ ထားခဲ့လိုက်ရင်း ဖုန်းကို ပြေးကိုင်လိုက်တယ်။                  

“ဟလို... အမိန့်ရှိပါ ခင်ဗျာ”

“...”
တစ်ဖက်က ပြန်ထူးသံ မကြားရ။
“ဟလို...”

“ဟန်လို...”

အသံနုနု တစ်ခု။“ဟင်” ခနဲ အသံ ထွက်သွားရင်း ကိုအောင်ဝင်း ခဏတာ မှင်တက်သွားတယ်။
ဒီအသံ၊ ဟုတ်တယ် အဲဒီအသံပဲ။ “ဟလို” လို့ မဟုတ်ဘဲ “ဟန်လို” လို့ဆို တတ်တဲ့ သူက ဟော့ဒီ ကမ္ဘာမှာ သူမ တစ်ယောက်ပဲ ရှိတယ် မဟုတ်လား။
“ရှင့်ဆီ ဘယ်တော့မှ မဆက်သွယ်တော့ဘူးမှတ်” ဆိုတဲ့ အတိတ်က နောက်ဆုံး ပြောခဲ့တဲ့ စကားသံလေးတောင် ပြန်ကြားယောင် လာသလို အတိတ်က အတင်းမေ့ပစ် လိုက်ရတဲ့ အကြောင်းတို့ကလည်း စီရရီ ၀င်လာပြန်တယ်။

လူဆိုတဲ့ သတ္တ၀ါကလည်း ကိုယ် တကယ်နှစ်သက် မြတ်နိုးခဲ့တာတွေကို မေ့ပစ်လိုက်ဖို့ဆိုတာ မလွယ် ဘူးမဟုတ်လား။ ခု “ဟန်လို” ဆိုတာကလည်း ကိုအောင် ၀င်းရဲ့...။
“ဟန်လို အစ်ကိုလားလို့”

ဟော... ခုမှ အတိတ် တချို့မှာ ကြက်သေ သေသွားတဲ့ ကိုအောင်ဝင်းကြီး သတိ ၀င်သွားတယ်။ ပြီးတော့
“ဟုတ်ပါတယ် မြလေး”

ဒီတစ်ခါ အသံတိတ်ကျ သွားတာက တစ်ဖက်က သူမ။ ခဏကြာမှ
“အစ်ကိုက မှတ်မိသေး တယ်နော်”

“သြော်... ပြောရက် လိုက်တာ မြလေးရယ်” လို့ ကိုအောင်ဝင်း ပြောလိုက်ချင်တယ်။
ဒါတွေတင် မကပါဘူး။

“အစ်ကို့မှာလေ မြလေး ဆီက စိတ်ပြေပြီးဆက်သွယ် လာမယ့်နေ့ကို စောင့်နေခဲ့ရတာ ဒီနေ့နဲ့ဆို တစ်နှစ်ကျော် ကျော်စွန်းခဲ့လို့...”

ကိုအောင်ဝင်း ခေတ်္တ စိတ်မှန်းနဲ့ တွက်ရင်း
“အင်း... တစ်နှစ်၊ ကိုးလနဲ့ တစ်ဆယ့် ငါးရက်တိတိပေါ့။ မြလေးက အဆက်အသွယ်ဖြတ် မေ့ထားရက်ပေမယ့် မမေ့ရက်သူ အစ်ကို့မှာ တော့ နေ့စဉ်အမြဲ မျှော်လင့်နေ ရတာပါကွာ” ဆိုတာတွေကိုပါ ကရားရေလွှတ် တတွတ်တွတ် ပြောလိုက်ချင် တာ။ ဒါပေမယ့် အဲဒါတွေ တစ်ခွန်းမှ မပြောဖြစ်လိုက်။ ပြောဖြစ်လိုက်တာက
“အင်း... မှတ်မိတာပေါ့ မြလေးရယ်။ အစ်ကို့ဆီ အမှတ်တရ ဖုန်းဆက်တဲ့ မိန်းကလေး ဆိုတာ ဒီကနေ့အထိ မြလေးတစ်ယောက်ပဲ ရှိသေး တာပါ”တဲ့။ တစ်ဖက်က “ဟင်...” ခနဲ ချလိုက်တဲ့ သက်ပြင်းရှည်တစ်ချက်ကို ကြားလိုက်ရတယ်။

“သြော်... အစ်ကိုရယ်” တဲ့။

တကယ်လည်း တကယ်ပဲလေ။ အောင်ဝင်း ဆိုတဲ့ကောင်က မြလေးဆိုတဲ့ မိန်းကလေး ထုတ်သွားခဲ့တဲ့ စည်းကမ်းကို တစ်သဝေ မတိမ်း လိုက်နာခဲ့တဲ့ သူပဲ။
“မြလေးက လွဲရင် ဘယ်သူ့ကိုမှ မဆက်သွယ်ရဘူး”တဲ့။ တစ်ခွန်းတည်းရယ်။ တကယ့်ကို တစ်ခွန်းတည်းရယ်ပါ။ ဒါပေမယ့် အဲဒီ တစ်ခွန်းတည်းကလည်း ကိုအောင်ဝင်း ရင်ထဲ တစ်သက်လုံးကို စွဲသွားခဲ့တော့တာ။

အဲ့သလောက် စွဲရတာကလည်း အားလုံးထင်တဲ့ အတိုင်းပဲ နေမှာပါ။ ဟုတ်တယ်။ မြလေးနဲ့ အောင်ဝင်း၊ အောင်ဝင်းနဲ့ မြလေးဆိုတာ မကြာသေးခင် နှစ်များအတွင်းက ပြည်တက္ကသိုလ်ရဲ့ရင်ခွင်ထဲမှာ တစ်ယောက်လက် တစ်ယောက်တွဲပြီး ပျော်ခဲ့ဖူးတဲ့ ချစ်သူတွေကိုး။ ကင်တင်းဘက်ကို ကြည့်မလား အောင်ဝင်းနဲ့ မြလေး၊ သမိုင်း ဆောင်ဘက် သွားတဲ့ ယူက လစ်တောထဲ ကြည့်မလား မြ လေးနဲ့ အောင်ဝင်း၊ မိန်းလမ်းမပေါ် ကည့်မလား လက်ချင်းတွဲချိတ် သွားလာ နေကြသူတွေထဲ အောင်ဝင်းနဲ့ မြလေး ပါသေးတာပဲလေ။

“ဟန်လို... ဟန်လို အစ်ကို ကြားရဲ့လားလို့”

“ဟင်း... အင်း... ကြားတယ် ပြော။ အစ်ကို သေချာ နားထောင်နေပါတယ် မြလေးရဲ့”

ဟော... ဒါလည်း ကို အောင်ဝင်းကြီးရဲ့ ပုံသေ အကျင့်။ မြလေးက စိတ်မြန်လက်မြန်၊ စိတ်ကောက်ကလည်း မြန်တယ်။ သူပြောနေတဲ့ စကားတို့၊ ဘာတို့ မကြား လိုက်ရင် “တော်ပြီ မပြော တော့ဘူးဟာ” ဆိုပြီး တစ်နေကုန် စကားတစ်ခွန်းမှ မပြောတော့ဘဲ နေတတ်တဲ့သူမျိုး။ ဒါကြောင့် မြလေးအကြောင်း တစ်ခုခုပြောတာနဲ့ သေချာဂရု စိုက်ရင်း
“သေချာနားထောင်နေပါတယ် မြလေးရဲ့” ဆိုတာ ကိုအောင်ဝင်းရဲ့ လက်သုံး စကားလို ဖြစ်လာခဲ့တာပဲ။

“ဟင်း... ဟင်း အစ်ကိုက အရင်အတိုင်းပဲနော်” တဲ့။ ရယ်သံလွင်လွင်လေးနဲ့ မြလေးက ဆိုတယ်။ ကိုအောင်ဝင်း ပြုံးလိုက်မိတယ်။ ကြည်နူးတဲ့ အပြုံးပါ။
“အရင်အတိုင်းပဲပေါ့ မြလေးရယ်။ အစ်ကိုက ဘာကို ပြောင်းလဲရမှာလဲ။ မြလေးကသာ...”

“အို... အစ်ကိုကလည်း ခုချိန်မှာ အဲလို စကားတွေ မပြောနဲ့တော့လေ။ မြလေး အရမ်း ခံစားရတယ်”

“ပြောပါရစေ မြလေး ရယ်။ မြလေးပဲ ပြန်စဉ်းစား ကြည့်လေ။ ကိုယ်တို့ အဆက်သွယ် ပြတ်ခဲ့ကြတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဘာမဟုတ်တဲ့ အကြောင်း လေးနဲ့။ တကယ်တော့ အစ်ကိုလည်း အဲဒီ အချိန်က သူတောင် ပြတ်နိုင်သေးတာပဲ ငါ ဘာလို့ ခံနိုင်ရည် မရှိရမှာလဲ ဆိုတဲ့ မာနတွေ ထားခဲ့မိတာပါ။ တကယ်တော့...”

“မဟုတ်တာဘဲ အစ်ကိုရယ်”

ကိုအောင်ဝင်းစကား ပင်မပြတ်သေး မြလေးက ကတုန်ကယင်လေးပင် တားရှာတယ်။ သူမက ဆက်ပြီး
“အဲဒီတုန်းက မြလေးလည်း အနိုင် မယူခဲ့သင့်ဘူး သိလား။ နေ့နေ့ညည ပြန်တွေးမိရင် အရမ်း ခံစားရတယ်။ တကယ်တော့ အစ်ကိုက ကောင်းစေချင်လို့ ပြောခဲ့တာတွေလေ။ ခုမှ သိ သိလာရတာ။ မြလေးရဲ့ အပြစ်ပါ အစ်ကိုရယ်”

အဲဒီ အချိန်တုန်းက ကိုအောင်ဝင်းနဲ့ မြလေး တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်နေတဲ့ အချိန်ပေါ့။ ကို အောင်ဝင်းက မေဂျာ ဘောလုံးပွဲမှာ ၀င်အရွေးခံတယ်။ မြလေးက ကျိုးရင်ပဲ့ရင် ဆို တဲ့ စိုးရိမ်စိတ်နဲ့ တားတယ်။ ကိုအောင်ဝင်းကလည်း မရ ဘူး။ ငယ်ငယ်ကတည်းကတောင် ဘောလုံးကို ဖက်အိပ် ခဲ့တဲ့လူမျိုး။ သူတို့မေဂျာက ပါမောက္ခကြီးကလည်း “အောင်ဝင်းဟာ ရပ်ကွက်ပွဲ တွေမှာ ကန်နေကျလို့ ကြားဖူးတယ်။ အဲဒီကောင် မပါပါ အောင်ထည့်” လို့ အမိန့်ထုတ် ထားလေတော့...။ အရာရာ ဦးစားပေးခဲ့ပြီး သူသိပ်ချစ်တဲ့ မြလေးကို ဒီတစ်ခါတော့ ခွင့်လွှတ်လို့ စိတ်ထဲကပဲ တောင်းပန်၊ မကျေနပ်ချက် လေးတွေရှိရင် ဘောလုံးကွင်းထဲမှာ အပြင်းကန်ရင်း နေခဲ့ လိုက်တယ်။

အဲ... မြလေးကလည်း အားကျမခံပါပဲ။ ကိုအောင်ဝင်းကို တားမရတဲ့အဆုံး “အစ်ကိုဟာ ညီမစကားကို ဥပေက္ခာပြုတယ်” ဆိုပြီး ကိုအောင်ဝင်းကြီး တစ်ယောက် မခံချိမခံသာ ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့မြို့ဘက်က ကောင်လေးတစ်ယောက်နဲ့ တပူးတွဲတွဲ နေပြ တယ်။
ဒါကို ကိုအောင်ဝင်းကြီး က
“မြလေး အဲ့လို မနေနဲ့။ အဲ့လိုကြာရင် မြလေးနဲ့ သူ့ကို ဘာဘာညာညာ သမုတ်ကြ မှာပေါ့”လို့ ပြောလိုက်မိတယ်။ ဒါကို မြလေးက သူ စိတ်ကောက် နေတာကို မချော့တဲ့ အပြင် အဲ့လိုပြောရကောင်း လား ဆိုပြီး
“ရှင့်ဆီ ဘယ်တော့မှ မဆက်သွယ်တော့ဘူးမှတ်” ဆိုကာ အဆက်အသွယ် ဖြတ်သွားခဲ့တာ ခုချိန်ထိပဲ ဆိုပါ တော့။ အဲ့လိုတွေ ဖြစ်ပြီး သိပ် မကြာခင် စာမေးပွဲတွေဖြေ ကျောင်းတွေလည်း ပိတ်သွားလေတော့ ပြတ်သွားလိုက်ကြတာ ခုထိပဲ ဆိုပါတော့။

“အစ်ကိုတောင် မြလေးကို ဆက်သွယ်ချင်ခဲ့တာ...”

“သွားပါ ခုမှ”

“အဟုတ် မြလေးရဲ့၊ ဒါပေမယ့် မြလေးရဲ့ဒေါသကို အစ်ကို့ အလွမ်းနဲ့ မယှဉ် ရဲလို့”

“ဟင်... အစ်ကိုကလည်း”တဲ့။ သေချာပါတယ်။ မြလေး ဘေးနားမှာ ရှိတဲ့ အ၀တ်စ တချို့ကို ဆွဲလိမ် နေလောက်ပြီ။
“ဒါနဲ့ မြလေး ဘာပြော မလို့လဲ”

“အင်း... မှာစရာလေး ရှိလို့”

“ပြောလေ အစ်ကို လုပ်ပေးမှာပေါ့။ ပြော မြလေး ပြော၊ အစ်ကို သေချာနား ထောင်နေတယ်”လို့ ကို အောင်ဝင်း ပြောလိုက်တယ်။ ခါတိုင်းလည်း ဒီလိုပဲလေ၊ မြလေး ကျောင်းက အိမ်ပြန် ပြီဆိုရင်
“သနပ်ခါးကုန်သွားလို့ အစ်ကို၊ ဒီမှာက ဈေးကြီးတယ်”

“တီရှပ်ဒီဇိုင်းအသစ် ကလေးတွေ ပေါ်တယ်တဲ့ အစ်ကို” ဆိုတာလေးတွေပဲ ပြောလိုက်၊ ကိုအောင်ဝင်းတစ်ယောက် လုပ်လက်စ အလုပ်တွေ ပစ်ချခဲ့ပြီး ပစ္စည်းတွေ ပြေးဝယ်၊ သူတို့မြို့လေးဆီ ထွက်တဲ့ ကားအမီ သူ့ဆီတင် ပေးနေကျလေ။
“ဟိုလေ အစ်ကို၊ အစ်ကို အင်းလေး ဆေးခန်းကို သိတယ် မဟုတ်လား”

“ဟာ... သိတာပေါ့ မြ လေးရယ်။ ဘာဖြစ်လို့လဲ မြ လေးလား...။ ခေါင်းကိုက်တာပဲ ထင်တယ်။ မြလေးက သိပ်ခေါင်းမာတာပဲ။ ဆေးသောက်ပါ၊ ဆေးခန်းပြပါဆို ရင် အမြဲငြင်း။ ရောဂါဆိုတာ နုတုန်းပဲ ကောင်းတာ။ ရင့်သွားရင် မလွယ်ဘူးဆိုတာ မသိတာလည်း မဟုတ်ဘဲနဲ့
ကွာ။ အဲ့ဒီအကျင့်လေးကို ဘယ်လို ပြောရမှန်းကို မသိ ဘူး။ ပြောပြန်ရင်လည်း မြ လေးက မကြိုက်ဘူးလေ”

“ဟင်း... ခစ်ခစ်” ဆို တဲ့ တစ်ဖက်က ပီတိသံစဉ် လေးတွေကို ကိုအောင်ဝင်း ကြားလိုက်ရတယ်။ ကိုအောင်ဝင်း မျက်နှာကြီးလည်း ၀င်းလို့။
“မြလေး တစ်ယောက်တည်း လာမှာလား”

“ဟင့်အင်း အစ်မလည်း လိုက်ခဲ့မှာ”

“တစ်ယောက်တည်းတော့ မလာပါနဲ့ကွာ၊ စိတ်မချဘူး”

“အင်း... အစ်ကိုက ခု ချိန်ထိ စိုးရိမ်ပေးတုန်းပဲနော်”

“ဟာ... မြလေးကလည်း မြလေးကိုမှ မစိုးရိမ်ရင် ကိုယ့်လိုတစ်ကောင် ကြွက်က ဘယ်သူ့ကိုသွား စိုးရိမ်ရမလဲ”

ကိုအောင်ဝင်းတစ် ယောက် အာအတော်သွက် လာတယ်လေ။ ခုပဲကြည့် တစ်ယောက်နဲ့ တစ်ယောက် မင်းကြောင့်၊ ငါ့ကြောင့်လို့ မစွပ်စွဲကြဘဲ ကိုယ့်ကြောင့်ပါ လို့ ကိုအောင်ဝင်းက ဆိုသလို မြလေးကြောင့်ပါ လို့ မြလေး ကလည်း ၀န်ခံနေပြီ မဟုတ်လား။ ဒီလို အချိန်မှာမှ အာမသွက်ရင် ကိုအောင်ဝင်း ဘယ်အချိန် သွားသွက်ရမလဲ။

“ပြောလေ၊ အစ်ကို ဘာ လုပ်ပေးရမလဲ”

“ဟိုလေ အင်းလေး ဆေးခန်းကလေ...”

“အင်း...”

“တုံကင်လေး ယူထား ပေးပါလား”

“ဟာ... ရတာပေါ့ မြ လေးရဲ့။ ဘယ်အချိန်လဲ မနက်ပိုင်းလား၊ ညနေလား၊ မနက် အစောကြီးက ကောင်းမှာပါ။ အေးတာပေါ့”

“ဟုတ်...”

“ဒါနဲ့ ဘယ်ဆရာဝန်ဆီ လဲ”

“ဟိုလေ...”

“အင်း...”

“ဟို... ဟို”

ကိုအောင်ဝင်း ပြုံးလိုက်တယ်။
“ဟိုဟိုဆရာဝန် ဆိုတာ မရှိဘူးလေ မြလေးကလည်း... ဟဲဟဲ”

“အင်း... ဟင်းဟင်း အစ်ကိုကလည်းလေ”

“စတာပါ ဘယ်ဆရာဝန်လဲ ပြောလေ”

“ဟို... အစ်ကိုရဲ့”

“အင်း... ပြော”

“ဟို... သားဖွားမီးယပ် ဆရာဝန်ပါ။ မြလေးဗိုက် ပြချင်လို့”

“ဟမ်...” ဟုသာ ကိုအောင်ဝင်း ဆိုလိုက်နိုင်တယ်။ ဘာစကားမှ ဆက် မပြောနိုင်တော့ဘူး။ တစ်ဖက်ကတော့...
“ပြီးခဲ့တဲ့ လကတည်းက ပြမလို့ပဲ။ မအားတာနဲ့ရော ဒီလက မရတော့ဘူးလေ။ ရင့်လာရင် ဒီမှာက စိတ်ချရတဲ့ ဆရာ မရှိလှဘူးလေ”

ကိုအောင်ဝင်း ကျန်တဲ့ စကားတွေ မကြားတစ်ချက်၊ ကြားတစ်ချက်။
“အားနာလိုက်တာ” တွေရော၊ “အစ်ကိုကသာ စိတ်ချရတာ”တွေရော စုံလို့ပဲ။ စောစောက ၀င်းပနေတဲ့ ကိုအောင်ဝင်း မျက်နှာကြီးလည်း ပန်းသီးတစ်လုံး မီး သင့်ခံလိုက်ရသလိုပဲ နီရဲရှုံ့ တွလို့ နေ့တယ်။ ဟုတ်သားပဲ။ နာတယ် ဆိုပြီး မေ့လက်စနဲ့ မေ့ထားလိုက်တာ။ ပြီးခဲ့တဲ့ နှစ်ကုန်ကတော့ သူနဲ့ ဟိုကောင်လေးနဲ့ လက်ထပ်လိုက်ကြတဲ့သတင်း ကြားထားတာကိုပါ မေ့သွားတယ်။

“သေပါတော့”လို့ စိတ် ထဲက ရေရွတ်ရင်း ကိုယ့်နဖူးကို ကိုယ်ရိုက်လိုက်တယ်။ “ဗြက်”ဆိုတဲ့အသံနဲ့ အတူ ချွေးစတွေ လက်မှာ လာကပ်ရော။
“အစ်ကို... ကြားလား ဟန်လို”

“သြော်... အင်း... ကြားတယ် မြလေး၊ ကြားတယ်”လို့ အသံကို နှိမ့်ပြောလိုက်တယ်။

“အဲဒါဆို စိတ်ချမယ် နော်အစ်ကို”ဆိုပြီး တစ်ဖက်က ဖုန်းချသွားတယ်။ ကိုအောင်ဝင်း ဘေးဘီကို မလုံမလဲ ကြည့်မိတော့ ဘယ်သူမှ မရှိတာ တော်သေးတာပေါ့။
ကိုအောင်ဝင်း ဖုန်းခွက် ကိုချ ကျသင့်ငွေကို ရှင်း လိုက်တယ်။ ပြီးတော့ ဆိုင် အပြင်ကို လှည့်အထွက်
“ခွပ်”

“အ”
ဆိုင်ရှေ့ကမိုးကာစကို ဆွဲချထားတဲ့ ၀ါးလုံးတန်းနဲ့ ကိုအောင်ဝင်း နဖူးကြီးနဲ့ မိတ်ဆက် သွားတာပါ။ ပြောပါတယ်။ ကိုအောင်ဝင်းတစ်ယောက် ဒီနေ့တစ်နေ့လုံး အလွဲလွဲ အချော်ချော်လို့။

ချမ်းထက်ဟန်
(ရွှေအမြုတေ၊မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)

Friday, 15 June 2012

''သမီးချောင်းမဆိုးတော့ပါ"


ဒီတစ်ခါ မိုးရွာရင် သမီး မိုးရေထဲ ထွက်မဆော့တော့ဘူး။ အဲဒါမှ ချောင်းမဆိုးမှာ။
ချောင်းဆိုးရင် မုန့်မစား ရတော့ဘူးလေ။ အရင်တစ်ခါ မိုးရေထဲ ထွက်ဆော့ပြီး ချောင်းတွေ ဆိုးကတည်းက မှတ်ထားတာ။ သမီးက အဲဒီနေ့က မိုးရေထဲ ထွက်ဆော့တယ်။ ညနေလည်း စောင်းရော၊ ချောင်းတွေ ဆိုးတော့တာပဲ။ နောက်နေ့ ကျောင်းကိုသွားတော့ မေမေက မုန့်ဝယ် မကျွေးဘူး။ သမီးက မုန့်ဝယ် ပေးခိုင်းတော့ “ချောင်းဆိုးတဲ့ ကလေး မုန့်မစားရဘူးလို့ ဆရာဝန်ကြီးက မှာထားတယ်လေ”လို့ မေမေကပြောတယ်။

“ဟင် မေမေကလည်း”လို့ သမီး ခြေဆောင့်ပေမယ့် မေမေက ၀ယ်မကျွေးပါဘူး။

“ဘဘ ဆရာဝန်ကြီးဆီ ပို့လိုက်မှာနော်” လို့ ပြောပြီး ပြန်သွားတယ်။ မေမေက သမီးကို တစ်ခုခု ပြောလို့ မရတိုင်း “ဘဘ ဆရာဝန်ကြီးဆီ ပို့လိုက်မှာနော်” ဆိုတာ အမြဲ ပြောတတ်တယ်။ ဘဘ ဆရာဝန်ကြီးဆိုတာ သမီးတို့ လမ်းထိပ် ဆေးခန်းက လူကြီးကို ပြောတာ။ တစ်ခါက ဖေဖေ စိုက်ခင်းထဲမှာ ခြေထောက်ကို ပေါက်ပြားနဲ့ ခိုက်မိတုန်းကပေါ့။ ဖေဖေရယ် မေမေရယ်၊ သမီးရယ် အဲဒီ ဆရာဝန်ကြီးဆီ သွားကြတယ်။ သူက ဖေဖေ့ခြေထောက်ကို ဆေးတွေထည့်တယ်။ ပြီးတော့
ပိုးမ၀င်အောင်လို့တဲ့။ ဆေးထိုး အပ်ကြီးနဲ့ ဖေဖေ့ကိုထိုးတာ။ ဖေဖေ့ မျက်နှာကြီး ရှုံ့မဲ့သွားတာပဲ။ “နာလား”လို့ သမီးက မေးတော့ ဖေဖေက “အင်း”တဲ့။ သမီးလည်း ကြောက်လို့ နောက်ရက်တွေ ဖေဖေ ဆေးခန်းသွားရင် မလိုက်တော့ဘူး။

မေမေကလည်း အဲဒီကတည်းက သမီးကို ပြောမရတော့ရင် “ဘဘဆရာဝန်ကြီးဆီ ပို့လိုက်မယ်” ဆိုတာချည်း ပြောတော့တာပဲ။ သမီး ချောင်းတွေဆိုးပြီး မေမေ မုန့်မထည့်ပေးတဲ့ နေ့တုန်းက ကျောင်းမှာ သမီး သူငယ်ချင်းတွေ မုန့်စားတာကို ငေးမိရော။ သူတို့က ကျွေးပါတယ်။ နည်းနည်းပဲ ကျွေးတာဆိုတော့ သမီးက မ၀ဘူးလေ။ ထပ်တောင်းတော့ မပေးကြ တော့ဘူး။ အဲဒါကြောင့် ဒီတစ်ခါ မိုးရွာရင် သမီး မိုးရေထဲ ထွက်မဆော့တော့ဘူး။

ဟိုနေ့ မနက်က မိုးတွေ အရမ်းရွာတယ်။ သမီးကတော့ မိုးတွေ ဘယ်လောက်ရွာရွာ အပြင်ကို ထွက်မဆော့ဘူး။ ဒါမှ ကျောင်းသွားရင် မုန့်စားရမှာ။ သမီး ထွက်မဆော့ပေမယ့် မေမေတို့ကတော့ တစ်နေကုန် မိုးထဲမှာချည်းပဲ။ ဖေဖေက...
“သမီး ဆင်းမလာနဲ့နော်”လို့ တစ်ခါတစ်ခါ လှမ်းလှမ်းအော်သေးတယ်။

မဆင်းပါဘူး။ သမီးက ဖေဖေတို့ ဆင်းပါဆိုတောင် မဆင်းဘူး။ ဖေဖေတို့က သမီးတို့ ခြံလေးထဲ စီးဝင်လာတဲ့ ရေတွေကို ကာနေတာလေ။  မိုးတွေအရမ်း ရွာတဲ့နေ့တွေ ဆိုရင် ဒီလိုပဲ။ သမီးတို့ ခြံက တောင်စောင်း တစ်ခုအောက်မှာ ရှိတယ်။ မိုးရွာပြီ ဆိုတာနဲ့ အဲဒီ တောင်စောင်းလေးက ရေတွေ ခြံထဲ စီးဝင်လာရော။

အဲလို စီးဝင်လာရင် မေမေတို့က မြောင်းလေးတွေ ဖောက်ပြီး ခြံရှေ့က မြောင်းကြီးထဲကို ရေတွေ ရောက်သွားအောင် လုပ်ရတယ်။ ခြံစည်းရိုး အစပ်မှာလည်း သဲအိတ်တွေ ဖို့ထားသေးတယ်။ ဒါပေမဲ့ မိုးက ဒီတစ်ခါ တအားကြီးတယ်။ သြော် သမီးတို့က ဘဘဦးဖြူရဲ့ ခြံမှာ နေတာလေ။ ဖေဖေတို့ မေမေတို့က အပင်လေးတွေ စိုက်တယ်။ ဘဘဦးဖြူက လာလာကြည့်တယ်။ အသီးတွေ အပင်တွေ ကြီးလာရင် ထော်လာဂျီလေးတွေနဲ့ လာလာယူတယ်။ ပြီးရင် မေမေ တို့ကို ပိုက်ဆံတွေ ပေးတယ်။

ဘဘဦးဖြူ လာလာကြည့်တဲ့ နေ့တွေဆို သမီး အရမ်းပျော်ပဲ။ သမီး အတွက် မုန့်တွေ ၀ယ်ဝယ်လာတတ်တာကိုး။ ဘဘဦးဖြူက သမီးကို ချစ်တယ်ထင်တယ်။ ဒါပေမဲ့ ဖေဖေနဲ့ မေမေ့ကိုတော့ တစ်ခါတစ်ခါ ဆူတာ တအားပဲ။ အင်း ဂေါ်ဖီတွေ ပိုးကျတုန်းကရော၊ သခွားတွေ ရေမလိုက်နိုင်လို့ ခါးတုန်းကရော။ ဖေဖေတို့ကို ဆူတယ်။ “တော်တော် အသုံး မကျတဲ့ကောင်” လို့လည်း ပြောဖူးတယ်။ မေမေဆိုရင် ဘဘဦးဖြူ အဲဒီလို ပြောပြီး ပြန်သွား တုန်းက ငိုလိုက်တာအရမ်းပဲ။ မေမေငိုတော့ သမီးလည်း လိုက်ငိုမိတယ်။ ဘာလို့ ငိုတာလဲ မသိပေမယ့် မေမေ ငိုတော့ မနေတတ်ဘူး။ သမီး လိုက်ငိုမှ မေမေက မငိုတော့တာ။

မေမေတို့တွေ ရေမ၀င်အောင် ကာထားတာကြီးက ညနေကတည်းက ရေတွေ ပြန်ဝင်နေတယ်။ မေမေတို့လည်း မိုးမရွာပေမယ့် ရေထဲပြန်ဆင်း၊ စိုက်ခင်းဘက်ကို ပေါက်ပြားနဲ့ ဆင်းဖို့တော့တာပဲ။ ဒါပေမဲ့ မရပါဘူး။ မိုးက တအားကြီး ရွာတော့ သမီးတို့ ခြံအစပ်မှာကာထားတဲ့ သဲအိတ်တွေကိုပါ ကျော် ပြီး ရေတွေက ၀င်လာတာလေ။ ဖေဖေရော၊ မေမေရော တစ်ညလုံး မအိပ်ကြရဘူး။ မနက်ရောက်တော့ မေမေ ချောင်းတွေဆိုးရော။ သမီးလည်း ပြောလိုက်တယ်။ “မေမေ မုန့်တွေ မစားနဲ့”လို့လေ။ မေမေက ပြုံးတယ်။ ပြီးတော့ မျက်ရည်တွေ ၀ဲနေတယ်။

ဖေဖေက...
“မင်း ကလေးရှေ့မှာ ငိုရလားကွ”တဲ့။

မေမေက...
“ကိုယ်တွေ ပူလွန်းလို့ မျက်ရည်ကျ မိတာပါတော်”ဆိုပြီး မျက်ရည်တွေကို သုတ်တယ်။သမီး မေမေနား ကပ်မိတော့ မေမေ တကယ် ကိုယ်တွေ ပူနေတာပဲ။ နောက်တစ်နေ့ ဘဘဦးဖြူ ခြံထဲကို ရောက်လာတယ်။ သူ့ဆိုင်ကယ် လေးနဲ့ပဲ။ သမီးကိုလည်း မကြည့်ဘူး။ ဖေဖေ့ကို ခေါ်ပြီး စိုက်ခင်းတွေဘက် ဆက်သွားကြတယ်။ ပြန်လာတော့ ဘဘဦးဖြူ မျက်နှာကြီးက ရဲလို့။
“ကြိုလုပ် မထားဘူးလား”တဲ့။

ဖေဖေက “ကျွန်တော်တို့ နှစ်ယောက်တည်းရယ်ဆိုတော့ မနိုင်လို့ပါ”လို့ ပြန်ပြောတယ်။ ပြီးတော့ ပြောကြတာကတော့ အများကြီးပဲ။ ဘဘဦးဖြူချည်း ပြောသွားတာပါ။ ဖေဖေ့ကိုလည်း အော်ဟစ်သွားတယ်။ ပြီးတော့...
“နောက်သီးနှံ မပေါ်မချင်း ဘာမှ ထပ်မယူ နဲ့ကွာ”ဆိုတာတွေလည်း ပါတယ်။ အဲဒီ စကားကို ဘာလို့ မှတ်မိလဲဆိုတော့ ဖေဖေ့ မျက်နှာကြီးက ရဲပြီး...
“မလုပ်ပါနဲ့ ဆရာရယ်။ ကျွန်တော့် သမီးလေး အတွက်တော့”ဆိုပြီး ပြန်ပြောတာလေ။ သမီးကို ပြောတာ နေမှာပေါ့။

ဘဘဦးဖြူက...
“ငါ ကျောင်းအပ်ပေးပြီးသား၊ ကျန်တာ မင်းဘာသာကြည့်လုပ်”ဆိုပြီး ပြန်ပြောတာလေ။ သမီးကို မုန့်လည်း ကျွေးမသွားဘူး။

နောက်နေ့မနက် ကျောင်းသွားတော့ မေမေ လိုက်မပို့နိုင်ဘူး။ ချောင်းတွေ တအား ဆိုးနေတယ်။ သမီးကို မုန့်လည်း ထည့်မပေးဘူး။ မုန့်ဖိုးလည်း မပေးလိုက်ဘူး။ ချောင်းဆိုးမှာ စိုးလို့ ကြိုတင် ကာကွယ်ထားတာတဲ့။ သမီး ငိုချင်တာပေါ့။ သမီးမှ ချောင်းမဆိုးတာကို။

“သမီး ချောင်းမဆိုးဘူးလေ”လို့ မေမေ့ကို ပြောတော့ “မေမေ့ဆီက ကူးမှာစိုးလို့”တဲ့။ သမီး မေမေ့ကို နှုတ်ခမ်း စူပြလိုက်တယ်။ “သမီး ချောင်းမဆိုးတာကို”လို့လည်း ထပ်ပြောခဲ့လိုက်တယ်။ မေမေ တဟွတ်ဟွတ်နဲ့ ကျန်ရစ်ခဲ့တယ်။ သမီးမှာ မုန့်မပါလည်း ပျော်ပါတယ်။ ဖေဖေက ကျောင်းကို ကုန်းပိုးပြီး လိုက်ပို့တာကိုး။ ကျောင်းရောက်မှ ဖေဖေ့ကို ထပ်ပြောရမယ်။ ကျောင်းကိုရောက်တော့ ဖေဖေ အိမ်ကို မပြန်သေး ဘူး။ သမီးသူငယ်ချင်းတွေနဲ့ ကစားနေတာ ထိုင်ကြည့်နေတယ်။ ကျောင်းတက်ခေါင်းလောင်းထိုး တော့ ဖေဖေ့နားဆီ သမီး ပြေးသွားလိုက်တယ်။

“ဖေဖေ၊ နေ့လယ် ထမင်းချိုင့် လာပို့ရင် မုန့် ၀ယ်လာခဲ့နော်”

ဖေဖေက သမီးကို ကြည့်ရင်း ပြုံးတယ်။ မေမေ့လိုပဲ ပြုံးနေရင်းက မျက်ရည်တွေက ဝေ့လို့။ ကြည့်ရတာ ဖေဖေကလည်း မေမေ့လိုပဲ ပြောဦးမယ် ထင်တယ်။ ဒီတစ်ခါတော့ သမီးက ဖေဖေ့ ထက်ဦးအောင် အရင် ပြောလိုက်တယ်။

“ဟင် ဖေဖေကလည်း သမီး ချောင်း မဆိုးတော့ပါဘူးဆို”       
ချမ်းထက်ဟန်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

Wednesday, 13 June 2012

''ကမ္ဘာဟာ ကမ္ဘာ ကို လိုတယ်''

ကျွန်တော်တို့ဟာ
 ကမ္ဘာဆိုတဲ့ အလုံးကြီးမှာနေရင်း
 ဂလိုဘယ်အရ ခုတော့ပြားပြီ
 ကမ္ဘာဟာရွာပေါ့
 တုတ်တစ်ပြက် ဓားတစ်ပြက် မလိုပဲ
 ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တစ်မြို့လုံးပြာကျနိုင်တဲ့
 လက်နက်ဆန်းတွေပိုင်နေပြီ
 ဂုဏ်ယူစရာ
 လူနေရာ မှာ စက်တွေ အစားထိုးလို့...
 အလုပ်လက်မဲ့ အင်အား များသထက်များ
 ဖွံ့ဖြိုးဆဲ အိမ်ငယ်တွေဟာ ဒီရွာမှာပိုမို ဆုတ်ယုတ်လာခဲ့
 ယန္တရားဆန် လူမှုဆက်ဆံရေးမှာ
 ကိုယ်ချင်းစာတရား ဆိုတာ
 အခြားဂြိုလ်ကလာတဲ့
 ငါတို့ ဘာသာမပြန်တတ်တဲ့ ဘာသာစကားလား...
 ကမ္ဘာသားတွေ အနုပညာ ပိုဆန်လာပုံမျာကြည့်...
 တို့အရှေ့တိုင်းသားတွေတောင်
 စည်းဝါးတကျ ဆဲတတ်ဆိုတတ်လာပြီ
 ရမ္မက်မီးတောက်အတွက်
 အရှက်ကြီး အကြောက်ကြီး ဟီရိသြတပ္ပ
 ပါးသထက် ပါးလာကြ...
 ဘုံကထိန်မှာ အမှန်လေးဖွင့်လို့
 မင်္ဂလာဆောင်မှာ ဘူလေးလဲနဲ့စိုပြေ
 ဒါတို့ပြည် ဒါတို့မြေပေါ့
 သူများအိမ် ကိုတားမြစ် ကိုယ့်အိမ်ကိုယ်ယာမှာ
 လူသိမခံတဲ့နျူကလီယားစက်ရုံတွေ များသထက်များ
 သြော် ... အီရန်နဲ့ ကိုရီးယားရေ ...
 အိုဇုန်းလွှာကြီး တော့ ပါးသထက်ပါးလွှာလို့...
 ကမ္ဘာဟာ နှာစေးလို့ချောင်းတွေဆိုး
 သူ့မှာ ဒဏ်ရာတွေဆိုးသထက်ဆိုးတော့ ...
 ဆူနာမီ၊ နာဂစ်နဲ့စီချွမ်
 ကမ္ဘာကြီး အဖျားတက်တဲ့ဒဏ်တွေပေါ့...
 တကယ်ပါ တကယ်ပါ
 ကျွန်တော်တို့ဟာ ...
 ကမ္ဘာဆိုတဲ့ အလုံးကြီးမှာနေကြရင်း
 ဂလိုဘယ် အရ ခုတော့ပြားပြီ
 ကဲ...မိတ်ဆွေ
 နောင်တမရခင်စပ်ကြားတော့
 ဘယ်လောက်မှားမှားပေါ့ ။ ။

                                            ချမ်းထက်ဟန်

“အချစ်နဲ့ သိပ္ပံ“


ဒီလို ကိစ္စမျိုးဆိုတာ ဘယ်လိုမှ လက်ခံချင်စရာ မကောင်းဘူး ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ ရင်ထဲက လာတဲ့အချစ်ကို ကွန်ပျူတာပေါ်မှာ အဖြေရှာမယ်တဲ့။ မဖြစ်နိုင်ဘူးဗျာ။ ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါပေမယ့် ဒီနေ့ အဲဒီကိစ္စမှာ ကျွန်တော်က အစမ်းသပ် ခံရတော့မယ်။ “တီ...တီ...တီ..” ဟော ပြောရင်းဆိုရင်း ဖုန်းဝင်လာပြီ။ “ ဟ လို....၊ ပြောပါ”

“ချားလ်စ်လား၊ လာခဲ့တော့လေ၊ ဘယ်အချိန်ရှိနေပြီလဲ”

“ အော်ဒရီ ကိုယ် တစ်ခုလောက်တော့ ပြောချင်တယ် ကွာ”

“ဘာကိုလဲ”

“ကျွတ်၊ ဒီကိစ္စကြီးကကွာ၊ ဘယ်လိုမှ”

“ဘာလဲ ချားလ်စ်က ကိုယ့်အချစ်ကိုယ် မယုံလို့လား”

“မဟုတ်ဘူး အော်ဒရီ လေးရယ်။ မင်းကိုကိုယ် ဘယ်လောက် ချစ်တယ်ဆိုတာ မင်းအသိဆုံးပါကွာ”

“အပြင်မှာတောင် ဒီလောက် ချစ်နေရင် ကွန်ပျူတာမှာ ပေါ်လာတဲ့ အဖြေနဲ့ အော်ဒရီ သူငယ်ချင်းတွေကို ကြွားချင် သေးလို့ပါ ချားလ်စ်ရဲ့နော်။ လာခဲ့တော့နော် ရွှတ်”

ကျွန်တော် ဘာမှ မပြောရသေးဘူး။ အော်ဒရီ ဖုန်းချ သွားပြီ။ ကျွန်တော့်ရင်ထဲ အပူလုံးကြီး ဆောင့်တက် လာတယ်။ အဲဒီ ဆော့ဖ်ဝဲကို ဘယ်ကမြင်းမသားကထွင် လိုက်သည်မသိ။ အခု ဒုက္ခ ရောက်ရတော့မယ်။ သူ့ရဲ့ ဖွဲ့စည်းပုံက ဖန်သားပြင်ပေါ်မှာ အနီရောင် အသည်းပုံငါးခုပါတယ်။ ဖန်သားပြင်ပေါ် လက်တင်လိုက် ရုံနှင့် အဖြေကိုသိရမယ်။ မီးနီလေး သုံးပွင့်ဆိုလျှင်ချစ်တယ်။ လေးပွင့်ဆိုလျှင် အချစ်စစ် အချစ်မှန်ဆိုပဲ။ အဲ သုံးပွင့် အောက်ဆိုရင်တော့ ဟန်ဆောင် အချစ်တွေပါတဲ့။
ကဲ အဲ့လိုကိရိယာမျိုးက ရင်ထဲက အချစ်ကို တိုင်းတာလို့ ရပါ့မလား။ ရတယ်ပဲထားဦး။ ကိုယ့်အလှည့်ရောက်မှ စက်ချို့ယွင်းနေတာမျိုး ဖြစ်ရင်။ ဟူး ကျွန်တော် ဆက်မတွေးချင်တော့ဘူး။

၂။
ကျွန်တော် အော်ဒရီကို ၀င်ခေါ်တော့ သူ့မျက်နှာ အလွန်ပင် ပျော်ရွှင်နေတဲ့ပုံ။
“တစ်ခုခု စားဦးမလား အော်ဒရီ”

“မစားချင်း သေးပါဘူး ချားလ်စ်ရယ်။ ဟိုကိုသာ အရင်သွားရအောင်ပါ”

ကျွန်တော် စိတ်ညစ်ညစ်နှင့် ကားကိုမောင်းထွက် လိုက်တယ်။ လမ်းတစ်လျှောက် သူက ပြုံးပြုံး ပြုံးပြုံးနှင့် သူ့အတွေးနှင့်သူ ပျော်နေတယ်။ ကျွန်တော် ကက်ဆက် ဖွင့်လိုက်တယ်။
“အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့သူဆိုတာ ___”
ယနေ့မှ နှစ်တစ်ရာတိုင် သီချင်းသံ ပျံ့လွင့်လာတယ်။

“ဟယ်... ချားလ်စ် ယူ ဘယ်တုန်းက ဒီသီချင်းတွေ ရှာထားတာလဲ”

“မကြာသေးပါဘူး။ သပြေမှာ Select လုပ်ထားတာ။ ဟိုတုန်းက နာမည်ကြီး IC ရဲ့ L.M.N စီးရီးတွေ အကုန် ပြန်ကူးထား သေးတယ်။ နှစ်က တစ်ရာ နီးပါးလောက် ဖြစ်နေပြီ ဆိုတော့ မနည်းရှာ လိုက်ရသေးတယ်”

“အဟုတ်။ ချားလ်စ် အပြန် အော်ဒရီကို အဲဒီသီချင်းတွေ ပေးလိုက်ပါလား”

ကျွန်တော် သူ့ကိုကြည့် လိုက်ပြီး
“ဟန်နီ့အတွက်ပဲ ကူးထားတာ”

“ဟေး ဒါမှချားလ်စ် ကွ”
ဟု အော်ကာ ကျွန်တော့် ပခုံးကို တိုးဖက်လာတယ်။ ကားက ငြိမ့်ငြိမ့်လေး သွားနေဆဲ။

၃။
“ရှေ့နားလေးမှာ ချားလ်စ်၊ ကားကို အရှိန်လျှော့ ထားလိုက်”

ကျွန်တော် ကားကို အော်တို စတီယာရင် ပြောင်းပြီး လမ်းဘေး ၀ဲ၊ ယာသို့ ကြည့်လိုက်တယ်။
“ဟော ဟိုးကဟာလား ချစ်သက်သေ ဆိုတာလေ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ချားလ်စ် အဲဒီဘက် ကပ်ရပ်လိုက်”

သူမက မြူးနေပြီ။ ကျွန် တော်ကတော့ စိတ်တွေ လေးသထက်လေးလာပြီ။ အချစ်ဆုံး လူတောင် အသည်းလေး ခုပဲ လင်းတယ်တဲ့။
ကျွန်တော် အော်ဒရီကို ချစ်သလို သူမရဲ့ အချစ်ကို အကြွင်းမဲ့ ယုံကြည်တယ်။ ဒါပေမယ့် ဘာလို့ စိတ်တွေ လေးနေသည် မသိ။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော့်သူငယ်ချင်း တစ်ယောက် အသည်းနှစ်ပွင့် သာလင်း၍ သူ့ကောင်မလေး နှင့် ဇာတ်လမ်းပြီးသွားတယ်။ ဒီကောင် တကယ်ချစ်တာ ကျွန်တော်တို့ အားလုံးသိသလို သူ့ကောင်မလေးလည်း သိတယ်။

ဒါပေမယ့် ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း သူ့ ကောင်မလေးရဲ့စိတ်ကတော့ ဟိုးအရင်မိန်းမသားတွေရဲ့ စိတ်အတိုင်း ဗေဒင်ဆရာယုံ၊ ဂါထာယုံတွေထဲကပဲမို့ ဒီ ကွန်ပျူတာကို ယုံကြည်ပြီး ဒီကောင်ကြီးကို ထားရစ်ခဲ့ တယ်။ သူလည်း ကြေကွဲပြီး ကဗျာတွေရေး၊ ၀တ္ထုတွေရေး နဲ့ ခုဆို မဂ္ဂဇင်းတော်တော် များများမှာ နေရာရနေပြီ။

“၀င်ကြမယ်လေ ချားလ်စ်”
အော်ဒရီအသံကြားမှ ကျွန်တော် သတိ ၀င်လာတယ်။
“သြော်၊ ဟင် ၀င်လေ”

၎။
အထဲကို ၀င်ဝင်ချင်း ဧည့်ကြိုလေးက
“လာကြပါ။ ထိုင်ကြပါ ဦး။ ရှေ့မှာ တစ်တွဲစစ်နေလို့ ခဏစောင့်ပေးပါနော်”

“ရပါတယ်”
ဟု ဆိုကာ ကျွန်တော် လက်ကာပြလိုက်တယ်။
“တော်ပြီ မောင် ချစ်နဲ့ မပတ်သက်နဲ့တော့”

“မဟုတ်သေးဘူး အဲလစ်။ ကိုယ်နဲ့မဆိုင်ဘူး အဲလစ်ရယ်။ ဒီစက်ကြီးက ဟုတ်ချင်မှ ဟုတ်မှာပါကွာ”

“အို မသိဘူး”
အထဲကထွက်လာတဲ့ အတွဲ။ ဟိုက် အဲဒါမှ ဒုက္ခ။ သူတို့ကြည့်ရတာ အဆင်ပြေ လာပုံမရဘူး။ ဟိုကောင်တော့ ငိုပြီပဲ။

“၀င်လို့ရပါပြီ”
ဧည့်ကြိုလေး အနား ကပ်ပြီးလာပြောတယ်။ ကျွန်တော်တို့ထလိုက်တော့
“အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေး ပါတယ်”

ကျွန်တော် အထဲကို ရောက်တော့ အာခေါင်တွေ ခြောက်လာသလို ခံစားရတယ်။ ကျွန်တော် ကွန်ပျူတာရှေ့မှာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်တယ်။
“ကျေးဇူးပြုပြီး ဖန်သား ပြင်က လက်ဝါးပုံပေါ် လက်တင်လိုက်ပါ”
အနောက်ဘက်မှ အသံ ထွက်လာခြင်း ဖြစ်သည်။

“ဟူး”
ကျွန်တော် စိတ်ကို လျှော့ချလိုက်ပြီး လက်ဝါးပုံပေါ် လက်ကို တဖြည်းဖြည်း ချင်းတင်လိုက်သည်။

“ဒွီ ဒွီ ဒွီ”
ကြောက်မက်ဖွယ်ရာ အသံနှင့်အတူ ကျွန်တော့် မျက်လုံးတွေ ပွင့်သွားတယ်။ မော်နီတာပေါ်ရှိ အသည်းပုံ ငါးခုစလုံး မီးရောင်တွေရဲရဲ တောက်နေတာပဲ။
“ကွန်ဂရက်ကျူလေး ရှင်း မစ္စတာ။ ဂုဏ်ယူပါတယ် ဗျာ။ ဒါဟာ ပထမဆုံးဖြစ်ရပ် တစ်ခုပါပဲ”
ကျွန်တော် ပျော်သွား တယ်။

“၀ူး၊ ဟူး”
အော်ဒရီကို ပွေ့ဖက်ပြီး ခုန်ပေါက်လိုက်တယ်။ အော်ဒရီလည်း ပြုံးလျက်။

“သူငယ်ချင်းတွေ ကြွားလို့ရပြီ”ဟု အော်တယ်။

အတန် ကြာတော့
“ကဲ မစ္စကိုအလှည့်ပေး လိုက်ပါဦး မစ္စတာ”

“ဟာ ဟုတ်ကဲ့။ ဆောရီးဗျာ။ ကျွန်တော် အပျော်လွန်သွားလို့ပါ”

ကျွန်တော် အော်ဒရီကို နေရာ ဖယ်ပေးလိုက်တယ်။ အော်ဒရီက ခုံပေါ်ဝင်ထိုင်ရင်း ကျွန်တော့်ကိုမော့ကြည့်တယ်။
ကျွန်တော် သူမရဲ့လက် တစ်ဖက်ကိုဆုပ်ကိုင်ရင်း ပြုံးပြလိုက်တယ်။ အော်ဒရီ ခေါင်းတစ်ချက်ညိတ်ပြီး လက်ဝါးပုံပေါ် လက်တင် လိုက်တယ်။
“တီ တီ တီ”
အသံက တိုးလျလွန်း တယ်။ ထိုအသံပြတ်တောင်း ပြတ်တောင်းနှင့်အတူဖန်သား ပြင်ပေါ်က အသည်းပုံလေးတွေ မီးနှစ်လုံးသာ လင်းတယ်။ အော်ဒရီမျက်နှာ ကွက်ခနဲ ပျက်သွားပြီး
“ရှင်တို့စက်တွေ၊ ရှင်တို့ စက်တွေ တစ်ခုခုများ”

“၀မ်းနည်းပါတယ် မစ္စ။ ဒီလိုပဲပြောတတ်ကြပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့စက်တွေကို ရာနှုန်းပြည့် အာမခံပါတယ်”

“အိုး မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး”

အော်ဒရီ အော်ဟစ်ရင်း အသံတွေ တုန်လာတယ်။ ကျွန်တော် ကျသင့်ငွေအမြန် ရှင်းလိုက်ပြီး အော်ဒရီလက်ကိုဆွဲကာ ဆိုင်ပြင်ထွက်လိုက်တယ်။ အော်ဒရီက
“စက်စုတ်တွေ၊ စက်အစုတ်ကြီးတွေ”
ဟု အော်ဟစ်ကာ ပေါက်ကွဲတယ်။

“တော်ပါတော့ အော်ဒရီ ရယ်၊ လာပါ”
ကျွန်တော် အော်ဒရီကို မနည်းဆွဲခေါ်ရတယ်။ အော်ဒရီ မျက်ရည်တွေ ဝေ့နေတယ်။

၅။
လမ်းတစ်လျှောက် အော်ဒရီ စကားသံမထွက်။ မျက်ရည်တွေ လက်ကိုင်ပ၀ါ နှင့်သုတ်ရင်းသာ လိုက်ပါလာတယ်။ ကျွန်တော် ကားကို အော်တို စတီယာရင်ပြောင်း လိုက်ပြီး သူမအနားသို့ တိုးကပ်လိုက်တယ်။
“ဘာဖြစ်လို့ ငိုနေတာ လဲ အော်ဒရီ လေးရဲ့”
သူမ ကျွန်တော့်ကိုတစ် ချက်မော့ကြည့်ပြီး ရင်ခွင်ထဲ တိုးဝင်လာသည်။

“ချားလ်စ် တို့အချစ်ကို ယုံရဲ့လားဟင်” တဲ့။
ကျွန်တော်က “အဟား၊ အော်ဒရီရယ် မင်းကို ကိုယ်အချစ်ဆုံး ဖြစ်သလို မင်းကို အယုံကြည် ဆုံးပါကွာ။ ပြီးတော့ အဲ့လို စက်တွေကို မယုံကြည်ဘူးလို့ ကိုယ် ပြောထားဖူးတယ်လေ”

အော်ဒရီ မျက်ရည်စို့စို့ နှင့် ပြုံးရင်း...
“ဟုတ်တယ်နော် ချားလ်စ်။ စက်ပစ္စည်းတွေဆိုတာလေ လူတွေရဲ့ တကယ့် စိတ်ခံစားမှုကို ဘယ်လိုမှဖော် ထုတ်နိုင်မှာ မဟုတ်ဘူးနော်”
တဲ့။ ကျွန်တော် ပြုံးရင်း ခေါင်းညိတ်ပြလိုက်တယ်။
သူမက“တို့အချစ်ကို အကြွင်းမဲ့ ယုံစေချင်တယ် ချားလ်စ်ရယ်”
ဟု ဆိုကာ ကျွန်တော့် ခါးကို တိုးဖက်လိုက်တယ်။

ကျွန်တော် ဘာမှပြန်မပြော သေးဘဲ ကက်ဆက်ခလုတ် ကို နှိပ်လိုက်တယ်။
“ဆူးတွေနဲ့___လမ်းမလည်း___ဓားတွေ ခင်းထားပေမယ့် မင်းဆီ အရောက် လှမ်းမှာပဲဟေ့___ခြေထောက်ပေါက်ပြဲ ___ မိုးကလည်း သည်းနေဆဲ___ လမ်းလျှောက်ရင်း လမ်း ပျောက်ဆဲ___ငါ့တစ်ယောက်တည်း___”

လေးဖြူရဲ့ မင်းမှမင်းပဲ သီချင်းသံထွက်ပေါ်လာတယ်။ အော်ဒရီ မျက်စောင်းလှလှ လေးထိုးရင်း ကျွန်တော့်ဗိုက် ကို ခပ်ဖွဖွလိမ်တယ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သီချင်းတစ်ပုဒ် အခုမှတကယ် အသက်ဝင်နေတယ်။ ကျွန်တော် သူမရဲ့ မေးစေ့လေးကို ကိုင်ကာ သူမျက်နှာကိုမော့လိုက်တယ်။ ပြီးတော့ သူမ၏ နဖူးလေးကို ခပ်ဖွဖွလေး...။

“မင်းမှ မင်းပဲ___မင်း မှ မင်းပဲ ___
“မင်းတစ်ယောက် တည်း___မင်းပဲ” 

ချမ်းထက်ဟန်

''ရင်ခွဲပြက်လုံး"


PDF Print E-mail



ကိုယ်ချစ်ရသော ချစ်သူဆီမှ ချစ်တယ်ဆိုသည့် အဖြေ စကားအား လူတချို့၊ ဒါမှမဟုတ် လူအတော် များများသည် ကြားချင်ကြပါသလား။
ဒါမှမဟုတ် ကြားဖူးကြပါသလား။ ကြားခဲ့ကြသည့် စကားတွေကရော ပျော်စရာတွေလား။ ဒါမှမဟုတ် ၀မ်းနည်းစရာတွေလား။ ထိုအဖြေစကားများ ကြားရမည့် အချိန်၌ ရင်ခုန်သံနှင့် ခံစားချက်တို့သည် ပုံမှန်အတိုင်း တည်ရှိနေသည်လား” စသည် စသည့်တို့ကို ကိုယ်သိချင်ပါသည်။ ဒီနေ့သည် ကိုယ့်အတွက် ထိုကဲ့သို့ ခံစားမှုများကို အဆုံးအဖြတ် ပေးမည့် နေ့တစ်နေ့ ဖြစ်သည်။ ပျော်စရာ ဖြစ်မည်လား၊ ၀မ်းနည်းစရာ ဖြစ်မည်လား ဆိုသည်ကို ကိုယ်သည် မတွေးတတ်။ စိတ်တို့သည် အုံ့မှိုင်း တွေဝေနေသည်။ စိတ်နှင့် ခန္ဓာသည် ဒီတစ်ခါ အမြဲဆုံးပင် ဖြစ်လိမ့်မည်။ ဘာကိုမှ တွေး၍မရ။ ဘာမှလည်း မလုပ်လို။ ခြေမကိုင်မိ၊ လက်မကိုင်မိ ဆိုသည့် အခြေအနေမျိုးလည်း မဟုတ်။ အတွေ့၊ အမြင်၊ ကြား အားလုံးသော အရာတို့ကို လက်ခံ သိရှိသော်လည်း တုံ့ပြန်မှုသည် မရှိ။ ခံစားချက် တို့သည် ကင်းမဲ့သွားသည့် အလား မည်သည့် အရာကိုမှ ခံစား ထိရှ၍ မရတော့သော တဒင်္ဂ ခပ်ကြာကြာ။ “မင်း ဘယ်အချိန် သွားမှာလဲ” “ငါတို့တော့ ဆိုင်ရွေးထားလိုက်တော့မယ်” ဟူသော သူငယ်ချင်းတို့၏ အသံများသည် သူမ၏ အဖြေစကားသည် ကိုယ့်အတွက် ပျော်စရာ အတိ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားကြပုံ ရနေသည်။ ဒါပေမယ့် ကိုယ်ကတော့ မည်သည့်အချိန်သွား ရမည် လဲ..။ မည်သို့သော အဖြေ စကားကို ကြားရမည်လဲ။

မဟုတ်သေးဟုထင် သည်။ ယခုအချိန်၌ သူမ၏ အဖြေစကားကို မည်သို့သော ခံယူချက်ဖြင့် ခံယူရမည်။ မည်သို့တုံ့ပြန်ရမည်ဟု တွေး မှသာ ပိုမှန်ပေလိမ့်မည်။
ဟိုး အရင်အချိန်တုန်း က ကိုယ်သည် သူမနှင့်အတူ မကွဲမကွာထာဝရ ဘ၀တစ်ခု တည်ထောင်ရန် စဉ်းစားခဲ့ ဖူးသည်။ သူမသည်လည်း ထိုအချိန်က စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။ ယခု တော့... ကုန်လွန်ခဲ့သည့် အချိန် များအတွက် မည်သူတို့သည် မည်ကဲ့သို့ နှမြောတသ ကြသည်ကို ကိုယ်မသိ။ တိတ်ဆိတ်ခြင်းနှင့် တွေဝေခြင်းတို့ သာ ကိုယ့်အတွက် အဖော်ပြုကာ ဟိုးတစ်ချိန်က သူမနှင့် ပုံရိပ်များအား ပြန်လည်တမ်း တမိသည်။

မည်သည့်လမ်းကို လျှောက်၍ မည်သို့ ငိုရမည်ကို ကိုယ်မသိပါ။ ပတ်ဝန်းကျင်သည် ကိုယ်နှင့် ဆန့်ကျင်စွာ တည်ရှိနေသည်။
“မိန်းမ ဆိုတာမျိုးက ရည်းစားဦးကို မလွန် ဆန်နိုင်တဲ့ အမျိုးတွေကွ”ဟု အစချီ ကာ ခပ်ထွေထွေနှင့် ပြောခဲ့ ဖူးသော သူငယ်ချင်း တစ်ဦး၏ စကားကို ပြန်လည်ကြား ယောင်မိပြန်သည်။ သူက...

“ဟိုးအရင်က ငါ့ကို သိပ်ချုပ်ချယ်တာ။ အရက် မသောက်ရ၊ ဆေးလိပ် မသောက်ရနဲ့လေ။ ငါဆိုတဲ့ ကောင်ကလည်း အရမ်းကို သာယာခဲ့တာပေါ့ကွာ။ အဟား သူ့ကောင်နဲ့လည်း ပြန်ပြီးအဆင်ပြေသွားရော၊ ငါက ဘေးကို ရောက်ခြင်း မလှ ရောက်သွားတာကွ။ ဟား...ဟား ဟား ဟား...” ဟု ခြောက်ကပ်စွာ ရယ်မော ရင်း ရင်ဖွင့်သည်။ ထို့ နောက်...

“မင်းကွာ စဉ်းစား ကြည့်စမ်း။ ငါ့ကို ဆေးလိပ် မသောက်ရ၊ အရက် မသောက်ရဆိုတဲ့ မိန်းမ။ ဟိုလူ၊ ဒီလူနဲ့ သ၀န်တိုတယ် ဆိုတဲ့ မိန်းမတောက်... ကွာ”
ဟုဆိုကာ စကားခဏ ရပ်သွားသည်။ ပြီးတော့ ဦးခေါင်းကို မော့မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့်

“ဟား... ဟား... ဟား ခုတော့ သူကိုယ်တိုင် အမြည်း လုပ်ပေးနေပြီကွ သိရဲ့လား။ အဲ့လို မိန်းမကို ငါက ဘာလို့ နှမြော နေရ မလဲ။ ဆောရီးပဲ ဟားဟား ...ဟားဟား....” ဟု အော်ဟစ်ကာ ရယ်မောသည်။ ဒါပေမယ့် အသံတို့က အက် ကွဲလျက်နှင့်..

ဤသို့ဆိုလျှင် ကိုယ့် ဇာတ်လမ်းကရော။ ကိုယ် သည် သူမနှင့် လက်ချင်း ချိတ်ကာ လမ်းလျှောက်ဖူးသည်။ နှစ်ယောက် အတူတူ ရုပ်ရှင် ကြည့်ဖူးသည်။ ကိုယ့် ပခုံးထက်၌ သူမသည် မှီနွဲ့ကာ တီတီတာတာ စကားများကို ပြောဖူးခဲ့သည်။ ကိုယ်သည် အလစ်အငိုက် အခြေ အနေမျိုးတို့၌ သူမ၏ ပါးပြင်အား ပါးလျ ထိကပ်စွာ မွှေးကြူခဲ့ဖူးသေးသည်။

သို့ပေမယ့် “ချစ်တယ်” ဟူသော နှုတ်ထွက် စကားအား မကြားဖူးသေးချေ။ ဟိုအရင် ရှိခဲ့ဖူးသည့် သူမ၏ ရည်းစားဟောင်း အကြောင်း တစ်စွန်း တစ်စကြား သည့်အခါ “သြော် ဒါကြောင့် အဖြေ မပေးတာကိုး”ဟု ကိုယ် စကားနာ ထိုးဖူးသည်။ ထို စကားကို သူမသည်လည်း ဆတ်ဆတ်ခါ နာခဲ့ဖူးသည်။ ထို့နောက် တရားဝင် ချစ်သူ ဘ၀ ရောက်ရှိရေး အဆုံး အဖြတ် စကားအား ဒီနေ့၌ ကြားနာရမည်ဟု သတ်မှတ် ပေးသည်။ ထိုစဉ်က ထိုအတွေးတို့ဖြင့် ကိုယ်သည် ကြည်နူးခဲ့ရသည်။ သူမ သည်လည်း ပျော်ကောင်း ပျော်ဖူးလိမ့်မည်။ ဒါပေမယ့် ခုချိန်မှာတော့...

သူမ၏ ရည်းစားဦးဆို သူသည် သူမကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ပြန်လည် လိမ္မာပြခြင်းဖြင့် လည်းကောင်း၊ ထိုစကား၌ သာယာ ယစ်မူးသွားသည့် သူမ၏ စိတ်တို့သည် လည်းကောင်း စသည့် အရာအားလုံးတို့သည် ကိုယ့်မျှော်လင့်ချက်များအား ရက်စက်စွာ နင်းခြေသတ် ဖြတ်လေသည်။
ပန်းသတင်းနှင့် လူသတင်းသည် လေညင်းနှင့် လူချင်းသာ ဆောင်ကြ ကြောင်း သိကြပေလိမ့်မည်။ ကိုယ်သည် သူမ၏ သတင်းအား အတင်း တစ်ခုသာ ဖြစ် ကြောင်း ဇွတ်မှိတ်ကာ ခံယူ ထားသည်။

သူနှင့် သူမတို့အား “မေတ္တာရိပ်” စားသောက် ဆိုင်၌ တွေ့ရှိခဲ့ပြီးနောက် အတင်းမဟုတ် ခိုင်လုံသော မျက်မြင်သတင်း တစ်ခုဖြစ်ကြောင်း လက်ခံလိုက်ရသည်။
စားနေကျ ဆိုင်တွင် မစားဘဲ“မေတ္တာရိပ်”မှ ပသျှူး ထမင်းကြော် တစ်ပွဲအား စားချင်မိခဲ့သော ကိုယ့်စိတ်ကြောင့် ဒီလို အခြေအနေကို ဖြစ်စေခဲ့သည်။ ထိုနေ့က ကိုယ်မသွား ဖြစ်ခဲ့ရင်ကောင်း မည်။ သူမသည်လည်း ကိုယ့်ကိုမြင်တိုင်း မျက်လွှာ ချသွားစရာ လိုမည် မဟုတ်ပါ။

စစတွေ့သည့် အချိန်၌ သူမ၏ ဣနြေ္ဒ ပျက်ယွင်းမှု သည် သိသာလွန်းသည်။ ကိုယ်နှင့် မိတ်ဆက်ပေးသည့် အချိန်များမှာ အထစ်ထစ် အငေါ့ငေါ့...။ စကားတို့ သည် မှားယွင်းနေသည်။ ကိုယ်သည် မှာပြီးသားကို “စားပွဲထိုး”အား ပါဆယ်ထုပ် ခိုင်းလိုက်သည်။ သူမ ဆက်လက် အနေ ကျပ်စေမည့် အခြေအနေမျိုးကို ကိုယ် မဖန်တီးချင်ပါ။

သူမသည်လည်း ရည်းစားဦးကို မလွန်ဆန်နိုင်သူ တစ်ယောက်ဖြစ်မှန်း နောက်ကျစွာ သိခွင့်ရခဲ့လေပြီ။ ထိုနေ့မှစ၍ ကိုယ်နှင့် သူမတို့သည် မတိုင်ပင်ဘဲ ရှောင်လွှဲ နေခဲ့ကြသည်။ သူနှင့် သူမကိုသာ မကြာခဏ တွေ့ရကြောင်း သူငယ်ချင်းများက ပြောကြသည်။ ဇာတ်စုံ မသိသော သူငယ်ချင်းများအား သူမ၏ အစ်ကိုတစ်ဝမ်း ကွဲသာ ဖြစ်ကြောင်း ကိုယ်က လိုက်လံ ရှင်းပြမိသည်။

ကိုယ်နှင့် သူမ လူချင်း ဆုံမိကြတိုင်း သူမ နှုတ်ခမ်းဆီမှ တစ်ခုခု ပြောချင်နေဟန် တွေ့ရတတ်သည်။ ဒါပေမယ့် နှုတ်ခမ်းကို ကိုက်ကာ သူမ ဆီမှ စကား ထွက်မလာတတ်။
“ဗျူးပွိုင့်”

ဒီမြို့လေး၏ အလှဆုံး နေရာ။ နေ၀င် ဆည်းဆာချိန် အား ဆိတ်ငြိမ်စွာ ခံစားကြည့် ရှုနိုင်မည့် နေရာလေးတစ်ခု။ အပန်းဖြေ သူများနှင့် အလွမ်း ဖြေကြသူများ၊ စိတ်ပြေလက် ပျောက်သမားများတို့၏ စိတ်ကြိုက် တွေးတောနိုင်သော နေရာလေးလည်း ဖြစ်သည်။ ဒီနေရာလေးသည် ယခု အချိန်၌ သူမ မလာရဲဆုံး နေရာလေး ဖြစ်လိမ့်မည်။ ထို့အတူ ကိုယ်သည်လည်း သူမ မတွေ့ချင်ဆုံး လူ တစ်ယောက်ဖြစ်လိမ့်မည်။ ကိုယ့်စိတ်သည် သူမ၏ ထိုအကြောက်တရားများ ပျောက်ပြယ်စေချင်သည့် ဆန္ဒတို့နှင့် စိုးမိုးနေသည်။ ဒါဟာ အချစ်ဟု အမည်တပ် ရမည်လား။ နေမင်းကြီးသည် အနောက်ဘက်တောင်တန်း တွေဆီသို့ တအိအိ ဆင်းသက် နေသည်။ တောင်စွယ်နေ မကွယ်မီ နှလုံးသား တစ်ခု၏ စီရင်ခန်းသည် မည်သို့ဖြစ် လာမည်နည်း။

ကိုယ်သည် ဟိုဒီငေး မောနေစဉ် လေညင်းလေး တစ်ချက် ခပ်သော့သော့ တိုက်ခတ်သွားသည်။ ကိုယ့် ဆံပင်တို့သည် လေနှင့်အတူ မျောပါရင်း ပခုံးသားပေါ်သို့ ပြန်ဝဲကျသည်။ သူမ မကြိုက် တတ်သည့် ဆံပင်ရှည်များ မညှပ်ဘဲ ထားခဲ့သည်မှာ ကာလ အတန်ကြာပြီဟု တွေး မိပြန်သည်။ ဒါကရော သူမကို သိမ်မွေ့စွာ ဆန့်ကျင် မိခြင်းများလား။

သူမရောက်ရှိလာချိန်၌ ကိုယ့်အတွေးစတို့သည် ရပ် တန့်သွားသည်။ ကိုယ်သည် အကျင့် တစ်ခုလို ဖြစ်နေသော အပြုံးနှင့် သူမအား ဆီးကြို လိုက်သည်။ သူမသည် ဟိုသည်ဝေ့၀ဲ မလုံမလဲနှင့် ကြည့်ကာ မျက်လွှာတို့ကို အောက်ချပြီး ကိုယ့်နံဘေး၌ ၀င်ထိုင်သည်။ အတန်ကြာအောင် ထိုင်ပြီးသည် အထိ သူမထံမှ ဘာ စကားသံမှ မကြားရ။

“ဟိတ်...ဘာတွေ တွေးနေတာလဲ”ဟု ကိုယ် စကား စလိုက်သည်။ သူမ သည် တိတ်ဆိတ် ထိတ်လန့် စွာနှင့် ဦးခေါင်းကို မော့သည်။ နှုတ်ခမ်းတို့ တပြင်ပြင်နှင့် စကားစတို့ ခြောက်ကပ်နေ ပြန်သည်။
“ဟင် ဘာဖြစ်လို့လဲ၊ ဘာစကား ဖြစ်ဖြစ်ပါ။ ကြားချင်လှပြီ”

ထိုစကားကို ကိုယ်သည် လိုသည်ထက် ပိုမိုပေါ့ ပါးစွာ ပြောလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်၌ သူမအား သက်သောင့်သက်သာ ရှိစေ ချင်သည်။
သူမသည် ကိုယ့်ကို တစ်ချက်မော့ကြည့်ရင်း...
“ငါလေ” ဟုစကား စကာ ဘာမှ ထပ်မပြော။ ကိုယ်ကိုယ့်ကို အားပေးသည့် အပြုံးလား၊ သူမကို အားပေးသည့် အပြုံးလား မသဲကွဲ သည့် အပြုံး တစ်ပွင့်အား ပြုံးပြလိုက်သည်။ သူမ သက်ပြင်းရှည် တစ်ခုကိုချ လိုက်ရင်း...

“ငါလေ... ငါလေ... ဟို”

“အင်း ပြောပါဦး”

“ငါလေ...ငါနင့်ကို ...ကျွတ်”

ကိုယ်သည် ဤမျှ လောက် ကြောက်စရာ ကောင်းနေသည်လား။
“ပြောပါဟ...စိတ်ထဲ ရှိသလိုသာပြော”ဟုဆိုကာ ကိုယ် အခြား တစ်ဖက်သို့ မျက်နှာ လွှဲပေးလိုက်သည်။ သူမ လွတ်လပ် ပေါ့ပါးစွာ ပြောနိုင်စေချင်သည်။

“ငါလေ...နင့်ကို ဒီနေ့ထိ...ဟိုကိစ္စက”

သူမ ဘာကို ပြောရ ခက်နေသည်လဲ။ ကိုယ်ဘာမှ ပြန်မပြောတော့။ သူမဆက်၍
“ငါလေ ဒီနေ့ထိလေ နင့်ကို နောက်ခဲ့တာဟ”ဟု ဆို သည်။ ငုံ့ထားသော ခေါင်းသည် ပြန်မတ်မလာတော့။ ကိုယ်သည် ခဏမှင်တက် သွားပြီးနောက် အားရစွာပြုံး မိလိုက်သည်။

အချစ်အမုန်းဟူသော စကားများ မပါ။ နှစ်ဦး နှစ်ဖက် နားခံသာမည့် စကားလုံးအား ရွေးချယ် ပြောသွားသည့် သူမကို ကိုယ်ပြုံး ကြည့်ရင်း စကားတစ်ခွန်း ပြောလိုက်သည်။ ရင်ထဲမှာ တော့ နင့်ခနဲ...။
“ငါလည်း နောက်တာ”

အန္တရာယ် အသွယ် သွယ်ကြားမှ မထင်မှတ်ဘဲ လွတ်မြောက်သွားသူ တစ်ယောက်၏ မျက်ဝန်းမျိုး သူမ ထံမှ တွေ့လိုက်ရသည်။
ဒါပဲ ဖြစ်သည်။ ဒီနေ့သည် “နောက်တာ”ဟူသော စကားလုံးနှင့် မထင်မှတ်စွာ ဇာတ်သိမ်း လိုက်ရသည်။ သူမသည် “အဲ့လို နောက်ရ ကောင်းလား”ဟု ဆိုကာ လက်သီးဆုပ် နုနုလေးနှင့် ကိုယ့်ရင်ဘတ်ကို ခပ်ဖွဖွ ထုသေးသည်။

“နင်ကလေ အရမ်း အနောက် သန်တာပဲ”ဟုလည်း ဆိုသေးသည်။ ပြီးတော့ တုန်ယင်ကာ မျက်ရည်များ ဝေ့သီနေသည်။ ဘာကြောင့်လဲ။ ကိုယ့်ကို သနား၍လား။

ကိုယ်သည် တစ်သက် နှင့်တစ်ကိုယ် သူတစ်ပါးအား နောက်ပြောင်ခြင်း မရှိခဲ့ကြောင်း သူမ ကောင်းကောင်း သိပါသည်။ အချစ်ဆိုသည် မှာလည်း ကျီစား၍ မကောင်းသော အရာမှန်း သူမ ကောင်းကောင်း သိလောက်ပါ သည်။ ဘာကြောင့်ဖြစ်ဖြစ် လက်ချင်းချိတ်ကာ လမ်းလျှောက်ခဲ့ဖူးခြင်းသည် လည်းကောင်း၊ နှစ်ယောက် အတူ ရုပ်ရှင်ကြည့်ဖူးခြင်း သည်လည်းကောင်း၊ ကိုယ့် ပခုံးပေါ်မှီနွဲ့ကာ ဆိုခဲ့ဖူးသည့် တီတီတာတာ စကားတို့သည် လည်းကောင်း၊ သာယာ ကြည်နူးဖွယ် အလစ်အငိုက် အနမ်းတို့သည် လည်းကောင်း အားလုံးသော အရာတို့သည် ဒီနေ့ “နောက်တာ” ဟူသော စကားတစ်ခွန်း အတွက် အစ ချီလာခဲ့ခြင်းများသာ ဖြစ်သည်ဟု ကိုယ်မှတ်ယူ ရလိမ့်မည်။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် ကိုယ်သည် ကိုယ့်အပေါင်းအသင်း မိတ်ဆွေများကို စတတ် နောက်တတ်အောင် ကြိုးစားသည်။ နောက် ဟာသကား များ၊ အငြိမ့်ခွေများကို ဟိုး တုန်းကထက် ပိုကြည့်ဖြစ်သည်။ အထူးသဖြင့် ပြက်လုံးများကို သေချာစွာ နားထောင် မိသည်။
ပြက်လုံး တစ်ခုစီကို လည်း လေးနက်စွာ ရယ်မော ဖြစ်ခဲ့သည်။ သို့သော်လည်း တစ်ခုခု လိုနေသလိုပင်...

သေသေချာချာ ပြန် လည်စဉ်းစားကြည့်မှ လိုအပ် ချက် တစ်ခုကို ကိုယ်သွားတွေ့ သည်။ ထိုပြက်လုံးတို့သည် ကိုယ်ကိုယ်တိုင် ပါဝင်၍ တစ်သက်မှာ တစ်ခါသာ ပြက်ခဲ့ဖူးသော ပြက်လုံးလောက် ရယ်စရာ မကောင်းကြောင်းနှင့် ကိုယ့်ရင်ကို မထိကြောင်းကို တွေ့ရလေသည်။
“နောက်...တာ”
ကိုယ်ခပ်တိုးတိုး ရေ ရွတ်ကြည့်သည်။

“ဟာ...ဟ နောက် တာ”
ကိုယ် နှစ်ခြိုက်သွား သည်။

“ဟား... ဟား၊ ဟား ဟား နောက်တာနော် နောက်တာ”
ကိုယ် အားရပါးရ ရယ်မော လိုက်တော့သည်။


ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ်