Wednesday 4 July 2012

“မြေနီည”


၁။
“ဖူး”ခနဲ မှုတ်ထုတ် လိုက်သည့် ဆေးလိပ် မီးခိုးငွေ့ များကို လှဦး လိုက်ကြည့်မိသည်။ ပြီးတော့...

“မင်း ပြောတာက တကယ် ကျိန်းသေပါတယ် နော်”

“ဂလု...ဟွန်း... မင်းကလည်း တကယ်ပါကွ။
ငါ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာကွ” ဟု သောက်လက်စ ရေနွေးကို အမြန် မျိုချရင်း မောင်လွင်ဦး စကားပြန်၏။ လှဦးက မေးစေ့က မရှိ မဲ့ရှိမဲ့ အမွေး ငုတ်စိလေးတွေကို ပွတ်သည်။

“မင်း မေးကြည့်သေးလား”

“အေး မေးတယ်”

“သူက ဘာပြောလဲ”

“သူ ၀ယ်ထားတာတဲ့။ မဖြစ်နိုင်ပါဘူးကွာ။

မင်းလည်း သိသားနဲ့။ တကယ်လို့ ဒီကောင် ၀ယ်တယ်ဆိုရင်တောင် အဲ့လောက် နည်းနည်းလေးနဲ့ တို့ရပ်ကွက်ထဲဘယ်ကောင်က လိုက်ပို့မှာလဲ”

“ဆိုင်ကိုအပြည့်ခင်းထားတာလား”

မောင်လွင်ဦး
ခေါင်းခါလိုက်ရင်း...
“ဟင့်အင်း၊ ငါ အဲဒါကြောင့် ဒီကောင် ၀ယ်ထားတာ မဟုတ်ဘူးလို့ ကျိန်းသေပြောတာပေါ့ကွ။ မင်း ဒီကောင့်ဆိုင်ရှေ့ က ၀ိုင်းသုံးဝိုင်းသိတယ် မလား”

“အင်း...”

“အေး၊ အဲဒီဝိုင်းတွေတောင် အပြည့်ခင်း မထားဘူး။ တစ်ဝိုင်းတည်းကို ခင်းထားတာ။ ငါလည်း ငမျိုး မင်း ဘယ်က ၀ယ်တာလဲ ဘာညာမေးတာပေါ့။ ဒီ ကောင် ဖြေတာ မရေမရာပါ ကွာ။ ကျိန်းသေတယ် လှဦး ရာ၊ ဒီကောင် ၀ယ်လာတာ လုံးဝ မဟုတ်ဘူး။ အဲဒါ တို့ လမ်းထိပ်ကပဲ”

“ဟင်...ဒါဆို ဒီကောင့် လုပ်ချက်ကြီးက ပြင်းလှချည် လားကွာ”ဟု လှဦး ခေါင်း လေးညိတ်ကာ ညိတ်ကာနှင့် ဆိုသည်။ လက်ဖက် ပန်းကန်ထဲမှ နှမ်းစေ့လေးများကို လက်နဲ့ဖိချလိုက်ပြီး ကပ်ပါ လာသည့် နှမ်းစေ့လေးများကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

၂။
လှဦးနှင့် မောင်လွင်ဦး အကြိတ်အနယ်ပြောနေကြသည့်  အကြောင်းသည် မျိုးကြီးတို့ လက်ဖက်ရည် ဆိုင်ရှေ့၌ မြေနီ တစ်ပုံစာ တွေ့ခဲ့ခြင်းကိုဖြစ်၏။ ထိုမြေနီသည် လှဦးတို့ အဖို့ အရေးပါသည်။ မောင်လွင်ဦး ပြောသည့်အတိုင်းသာ မှန်ခဲ့ပါက မျိုးကြီးဆိုသည့်ကောင် လူလည် ကျထားခြင်းပင်။ ထို မြေနီများသည် လှဦးတို့တစ်ရပ် ကွက်လုံးနှင့် ဆိုင်သည့်အရာ။

တစ်ရပ်ကွက်လုံးနှင့် ဆိုင်သည့်၊ တစ်ရပ်ကွက်လုံး  ပိုင်သည့် ထိုမြေနီများသည် ရပ်ကွက်ထိပ် ရေအိုင်ကြီးမှာ ရှိ၏။ ထိုရေအိုင်ကြီးသည် နဂို ကတည်းက ရှိရင်းစွဲ ရေအိုင် ကြီး။ မြေနီများကတော့ ထို အိုင်ကြီးကို ဖို့ဖို့ လုပ်ကြရင်း  ရောက်လာခဲ့ခြင်းပင်။

ကျန်ခဲ့သော လအတော် များများက မြို့တွင်းရှိ လမ်း အတော်များများကို ကွန်ကရစ် လမ်းများ ခင်းကုန်သည်ဟု ကြားကြသည်။ လှဦးတို့ ရပ် ကွက်လမ်းကတော့ ရွှံ့မြေသား အတိနှင့်ရှိဆဲ။ သူတို့ရပ်ကွက် ကလေးသည် မြို့နှင့် အလှမ်း သိပ်မဝေး၊ ကားလမ်းမကြီးနံ ဘေးတွင် ဖြစ်သောကြောင့် မြို့သို့သွားရောက် အလုပ်ဆင်း ကြသူ အတော်များများရှိသည်။ ထိုသူတို့မှစကာ မြို့တွင်းရှိ တခြားရပ်ကွက်တွေ၊ လမ်းသစ် တွေနှင့်ဟု ကြားရမြင်ရဖန် များလာတော့ ရပ်ကွက်သား တို့ မရိုးမရွ၊ မနေနိုင် မထိုင် နိုင် ဖြစ်လာကြတော့သည်။ ဒီတော့ ရပ်ကွက် လူကြီးအိမ်မှာ စုကာဝေးကာနှင့် စည်းဝေး တိုင်ပင်ကြတော့သည်။

ဤရပ်ကွက်လေးသည် ကွန်ကရစ်လမ်း ဖြစ်နိုင်ဖို့ ဝေးစွ။ ရှိရင်းစွဲလမ်းကိုပင် မပျက်ဆီး မယိုယွင်းစေရန် ထိန်းသိမ်းဖို့ မတွေးနိုင်ကြ။ သို့သော် ယခုကဲ့သို့ မြို့ပေါ် ရပ်ကွက်များ ကွန်ကရစ်လမ်း အသီးသီး ဖြစ်လာကြပြီဆိုတော့ ကိုယ့်ရပ်ကွက်ကလေးလည်း ကွန်ကရစ်လမ်း မဖြစ်ချင်နေ။ ရွှံ့စပ်စပ်နှင့်ကိုတော့ ပြင်ဆင် ကြဖို့ ကြိုးစားချင် စိတ်လေးတွေ ပေါ်လာလေ၏။ မြို့တွင်းရှိ ကွန်ကရစ်လမ်း အတော် များများ၏ ထိပ်များတွင် တော့ မည်သည့် ပါတီမှ ဦးစီး ခင်းကျင်းသည်ဟု တွေ့ကြရ သည်။ ဤရပ်ကွက်ကလေး တွင်ကား ပါတီဝင်ဖြစ်မှန်း မသိ ဖြစ်နေသူများနှင့် မည်သည့် ပါတီကိုမှ မသိသောသူ များသာရှိသည်။ ယုတ်စွအဆုံး ချာပါတီကိုပင် မရောင်း။

သို့သော် ရပ်ကွက်မှ ရွှံ့ စပ်စပ်လမ်းကိုတော့ဖြင့် တစ် ခုခု ပြောင်းလဲသွားစေချင်ကြ သည်။ ဤသို့ဖြင့်...
“အားလုံး ငြိမ်ကြပါ ခင်ဗျာ။ ဒီနေ့ ခေါ်ရတဲ့ အစည်း အဝေးကတော့ အားလုံး လည်း သိကြပြီးသား ဖြစ်မှာပါ။ အဲတော့ ကျုပ်တို့ လုပ်စရာ ရှိတာ လုပ်နိုင်ဖို့ အတွက် အလှူငွေ လိုအပ်ပါတယ်”ဆို ပြီး အစည်းအဝေး တစ်ခု စတင် လိုက်လေသည်။ တကယ်တမ်း အစည်းအဝေး စပြီဆို ပြန်တော့ “တို့လမ်းတော့ ကွန်ကရစ်ဖြစ်ရချည်သေးရဲ့”ဆိုသည့် အတွေးတို့နှင့် အားလုံးတက် တက်ကြွကြွ။ မည်သို့မည်ပုံ လုပ်ကြရမည်။ မည်သို့စရ မည် စသည်စသည်ဖြင့် ပြောဆို စည်းဝေးကြပြီးနောက် နောက် ဆုံးရသည့်အဖြေအရအလှူ ငွေ စတင် ကောက်ခံရန်ပင်။

အလှူငွေ ကောက်ခံမှုကို နှစ်ပိုင်း ခွဲလိုက်ကြသည်။ ပထမဦးဆုံး ရပ်ကွက်တွင်းရှိ တစ်အိမ်ထောင်လျှင် မည် ၍မည်မျှဟူ၍ စာရင်းချုပ် လိုက်ကြသည်။ တချို့တချို့သော အကြောင်းကြောင်း ရှိသူများကတော့ဖြင့် ပိုမိုထည့် ၀င်ရမည်။ ပထမအဆင့်က တော့ သည်လောက်ပင်။ ဒုတိယအဆင့်အနေနှင့် လိုအပ် လာပါက လိုအပ်သလို ထပ်မံထည့်ဝင်ကြရမည်ဟူ သည့်စကားနှင့် အစည်း အဝေး သိမ်းလိုက်ကြ၏။

အလှူငွေ ကောက်ခံခြင်း ကိစ္စ အဆင်ပြေသည်။ သို့ပေမဲ့ တစ်ရပ်ကွက်လုံး၏ အိပ်မက်လိုတော့ ကွန်က ရစ်လမ်းတော့ မဖြစ်နိုင်။ သို့ပေမဲ့ မိုးတွင်းရောက်တိုင်း တဇွိဇွိနှင့် ရွှံ့သားမြေပေါ် လျှောက်နေရသည့် လမ်းကို တော့ တစ်ခုခုလုပ်ဖို့ ကျိန်းသေသွားပြီ။ အားလုံးဝိုင်းဝန်း ဆွေးနွေးကြပြန်သည်။

တချို့က ကန်ကြီးပတ် ပတ်လည်ကို တူးဆွကာ ထို မြေသားနှင့်ပင် လမ်းခင်း သင့်သည်ဟု အကြံပေးသည်။  သို့သော် နဂိုမြေသားကိုက မိုးရွာသည်နှင့် ပျော့အိအိ။ လမ်းသွားလမ်းလာ မကောင်း။ ဟိုးယခင်က ဤနေရာသည် လယ်ကွက်အဟောင်းများ ဖြစ်ခဲ့ဖူးသောကြောင့်လည်း ပါလိမ့်မည်။

“ကျုပ်ကတော့ ရိုးရိုး မြေသားတွေ၊ သဲတွေထက် မြေနီကို ပိုသဘောကျတယ် ဗျ။ ဈေးလည်း သင့်တယ်။ ပြီးတော့ ကျွန်တော်တို့ ကန် ကြီးဘေးက မြေသားဆိုရင် ဒုံရင်းဒုံရင်းပဲနေမှာ။ မြေနီဆို ရင် ခပ်သိပ်သိပ်လေး သာဖို့။ မိုးရွာလည်း အေးအေးပဲ”ဟူ သည့်စကားနှင့် မြေနီဝယ်ယူ လမ်းခင်းရေးကို သဘော တူလိုက်ကြသည်။ အလုပ် သမားလည်း အထူးအထွေ မငှားတော့။ အ၀ယ် မြေနီဒိုင် မှ တင်ပေးသမျှ ရပ်ကွက်ထိပ်မှာ ကိုယ့်လူနှင့် ကိုယ် ပြန်ချ ကြမည်။ အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်လုဆဲ ဆဲတွင် စကားတစ်ခွန်း ထပ်မံ ထွက်ပေါ်လာ၏။

“ကျွန်တော်တို့လမ်း တွေ မြေနီဖို့ကြတာတော့ ဟုတ်ပါရဲ့။ ရပ်ကွက်ထိပ်က  ရေအိုင်ကြီးကို ဖြတ်တဲ့လမ်း ကို ဘယ်လိုလုပ်ကြမလဲ”ဟူ ၍ ဖြစ်သည်။

ဟုတ်သည်။ ခုမှစဉ်း စားမိကြသည်က ရပ်ကွက် အ၀င်လမ်းထိပ်က ရေအိုင်ကြီး။ ရပ်ကွက်လေး မဖြစ်ပေါ်ခင် ကတည်းက ရှိခဲ့သည့် ရေအိုင် ကြီး။ ရေအိုင်ကြီးဟု ခေါ်သော်လည်း မိုးတွင်းသာ ရေ ရှိသည့်နေရာ။ ရေကလည်း တစ်တောင်ပင် မပြည့်ချင်။ သို့သော် မိုးရွာ ပြီးသွားပါက ရေပြန် မကျတော့။

ထိုရေသည် မိုးပြီး ဆောင်းလယ်လောက်ထိ ခံသည်။ ရပ်ကွက်ထဲသို့ ၀င်သည့် အဓိက လမ်းမသည် ထို ရေအိုင်ကြီး၏ အလယ်တည့် တည့်ပင်။ ရေအိုင်ကြီးက ပြန့် ကားကားနှင့် ရပ်ကွက်ထိပ်ကို ပိတ်ရပ်ထားသည့်ပုံစံ။ မိုး သည်းသည်းမည်းမည်းရွာပြီ ဆိုပါက ထိုရေအိုင်ကြီးကို ပတ်လျှောက်ကာ ရပ်ကွက် ထဲကို ၀င်ရ၏။ စိတ်မရှည် သူများကတော့ ပုဆိုး၊ ထဘီ တိုတိုဝတ်ကာ ဖြတ်လျှောက် ကြသည်။

မိုးတွင်းပိုင်းဖြတ် လျှောက်ကြသည်မှာ ပြဿနာ မရှိသော်လည်း မိုးကုန်ပြီး အနည်းငယ်ကြာလျှင် ဖြတ် လျှောက်၍ မကောင်းတော့။ အိုင်ကြီးအတွင်းက ရေများသည် ရေသေများ ဖြစ်သော ကြောင့် ယားတတ်သည်။ ပြီးတော့ ရေကျသွားပါက လည်း ရွှံ့သားများ တော်တော်နှင့် မမာ။ နွေဦးအ၀င် နှင့် မိုးဦးမကျခင်အချိန်ကို သာ ဤအိုင်အတွင်းမှ လမ်း ကို အသုံးချကြရသည်။

ထို့ကြောင့် ကန်ကြီးကို ဖို့ရန် အရင် စဉ်းစားလိုက်ကြသည်။ အဖြေကတော့ ကန် ကြီး၏အလယ်၊ ရပ်ကွက်လမ်း နှင့် တည့်တည့်အတိုင်း သာဖို့ သွားဖို့ပင်။ အားလုံးကိုယ် အိမ်ကိုယ်ပြန်ကြမည် အပြု။
“ဖို့ ဖို့ကတော့ ဟုတ်ပါ ပြီ။ ဘယ်ဘက်ကနေ စပြီး ဖို့ မှာလဲ။ ရပ်ကွက်ဘက်က လား။ ဒါမှမဟုတ် လမ်းမ ဘက်ကလား”

အဖြေတွေ တစ်ယောက်  တစ်ပေါက် ထွက်လာပြန်သည်။ နောက်ဆုံးရပ်ကွက် လူကြီးက ကားအ၀င်လွယ် သော လမ်းမကြီးဘက်က စဖို့မည်ဟုဆိုကာ စကားသံတို့ ကို အဆုံးသတ်လိုက်သည်။ ထိုသို့ အဆုံးမသတ်၍လည်း မရ။ လမ်းမကြီးမှ ထိုရေအိုင် ကြီးဆီ ရောက်ရန်ပင်အတော် ခရီးထောက်သေးသည်။

ဒီတော့ ဦးစိုးညွန့်ဆိုသူ က ထကာ...
“အဲလို ဖို့မယ်ဆိုရင် မျှောဖြစ်ဖြစ်၊ ၀ါးဖြစ်ဖြစ် လမ်းခင်းမယ့် ဘက်ရဲ့ တစ်ဖက်စီမှာ အရာပေးပြီး ငုတ် တွေ စိုက်သင့်တယ်။ ပြီးတော့ ဖို့သမျှကို အဲဒီ့ငုတ်နဲ့ တစ်ပြေးတည်း ၀ါးကပ်နဲ့ ကာရမယ်ဗျ။ ဒါမှ ဖို့မြေတွေ ရေအစားသက်သာမှာပေါ့။ အင်း ၀ါးတို့၊ မျှောတို့တော့ လိုမယ်ဗျ”ဟုပြောသည်။

ရပ်ကွက် လူကြီးက တော့ ဒါဖြစ်သင့်သည်ဟု ဆိုကာ ထောက်ခံသည်။ ရပ် ကွက်သားအချို့ကတော့ သိပ် မကြည်။ ဦးစိုးညွန့် ကိုယ်တိုင်က ၀ါး၊ ထရံ ရောင်းနေသည့်သူ ဖြစ်သောကြောင့်လည်း ပါမည်။ ဒီလိုနှင့် လမ်းကို စတင် ပြီး ဖို့ကြတော့သည်။ တစ်ရပ်ကွက်လုံး နေပူကျဲကျဲထဲ ပီတိခဲတွေ မျိုရင်းကိုယ့်ရေဘူး ကိုယ်ယူစနစ်နှင့် ခင်းကြသည်မှာ အိုင်ကြီး တစ်ဝက်ကျော်လာ သည်အထိကို ခဏလေးပင်။

အိုင်ကြီး တစ်ဝက်ကျော် ကျော်ခင်းပြီးသည့် နောက်တွင် ပြဿနာ တစ်ခု စသည်။ အလှူငွေ မလောက်တော့ ခြင်းပင်။ နောက်ထပ် အစည်းအဝေး တစ်ခုနှင့် နောက်ထပ် ကောက်ဖို့ ဆုံးဖြတ်လိုက်ကြ ပြန်သည်။ အားလုံးကလည်း လိုလိုလားလား ရှိ၏။ အိုင် ကြီး၏ တစ်ဝက်သို့ပင် မြေနီတို့ ရောက်ရှိနေကြပြီပဲ။ သို့ သော် ပထမ အကြိမ်ကလောက် ကောက်၍မရ။ ထက်ဝက် လျှော့ချလိုက်ရသည်။

ထိုသို့ ထပ်မံ စုစပ် ကောက်ခံပြီး ရေအိုင်ကြီးကို ထပ်ခင်းကြပြန်သည်။ အိုင် ကြီး အလယ် တည့်တည့်၌ မြေနီမြေသားများ ပြည့်ပြည့် မောက်မောက်နှင့် အတော်ပင် ရုပ်လုံး ပေါ်လာသည်။ ဤသို့ ဖို့ကြပြုကြရင်း ရပ်ကွက်ထိပ် အိုင်အစပ်နား မရောက် တရောက်တွင် အလှူငွေ တစ်ခါပြတ် သွားပြန်သည်။ ဒီလောက် နှစ်ကြိမ်နှစ်လား ကောက်သည်ကိုပင် မလောက် ဟုဆိုလာခြင်းကို ရပ်ကွက် သား အချို့လက်မခံချင်။ ဒါကို ရပ်ကွက် လူကြီး ဖြေရှင်းနိုင်သည်။

မြေနီသယ်ယူစရိတ် အသေးစိတ်စာရင်း၊ ၀ယ်ယူ သည့်မြေနီက ဘယ်နှကျင်း၊ ကားကြီးနှင့်က ဘယ်နှ ခေါက်၊ ကားလေးနှင့်က ဘယ်နှခေါက်စသည်စသည် သေချာရှင်းပြ၏။ သူ့ဘာသာသူ ကွက်တိ။ ရအိုင်ကြီးအစပ်နား အရောက်မှ အရာရာပြတ် တောက်သွားခြင်းကိုကား ဖြေရှင်းဖို့ မလွယ်တော့ချေ။  ထပ်မံကောက်ခံဖို့ရာလည်း အဆင်မပြေနိုင်။ ပထမ အကြိမ် မလောက်၍ ဒုတိယ တစ်ကြိမ်ပင် ကောက်ခံခဲ့ပြီး ပြီ။ ဒီရပ်ကွက်လေး ဤမျှ ငွေထွက်သည်ကပင် အံ့သြဖို့ ကောင်းနေပြီ။ သည်တော့ ဘယ်သူမှ ဘာမှဆက်မလှုပ် ရှား။ အိုင်ကြီး အလယ်တည့် တည့်ရှိ မြေနီမြေသားတို့သည် လည်း ဒီအတိုင်း။ တစ်လ... နှစ်လ...။

၃။
ဒါပဲဖြစ်သည်။ မျိုးကြီး တို့ဆိုင်ထဲတွင် မောင်လွင်ဦး တွေ့ခဲ့သည်ဆိုသည့် မြေနီတ ချို့၏ ဇာတ်လမ်းအစသည် ဒါပဲဖြစ်သည်။ မနေ့က မိုး နှစ်ကြိမ် ရွာသည်။ ရပ်ကွက် လမ်းလေးထဲ ရွှံ့စပ်စပ်နှင့် ဖြစ်သွား၏။ နောက်ထပ်တစ် ကြိမ်ခန့် မိုးကြီးကြီးကောင်း ကောင်းရွာချလိုက်ပါက ရပ် ကွက်အ၀င်လမ်းလေး ရေဖွေး ဖွေးနှင့် ဖြစ်သွားနိုင်သည်။ ပို၍ဆိုးသည်က ကန်ကြီး အလယ်မှ မြေနီအပုံကြီး ကြောင့်ပင်။ ထိုမြေနီအပုံကြီး ရှိနေသည့် အတွက် ရေသည် ကန်ထဲမှ လျှံထွက်ကာ ရပ် ကွက်တွင်း၌သာ မွေ့လျော် တော့မည်။ နဂိုကမှ ရေစပ်စပ် ရပ်ကွက်၊ လမ်းခင်းသည် ဆိုကာမှ အင်းလေးနှင့် နင် လားငါလား ဖြစ်ရတော့မည်။

ရပ်ကွက် အတွင်းထဲ မြေနီဝယ်ဖို့ကြဖို့ကလည်း မလွယ်။ ဤရပ်ကွက်သည် ငွေရွှင်လှသော ရပ်ကွက် မဟုတ်။ အကယ်၍ ၀ယ်နိုင် ပါကလည်း ကားကြီးနှင့်တစ် စီးတိုက်ဝယ်လျှင်ပင် တော်ရုံ ကား မလိုက်ချင်။ ကန်ကြီး ဖို့တုန်းကပင် အ၀င်လမ်းကို ကားသွားနိုင်ရန် မြေနီတစ်စီး ခွဲခန့် ဖို့ခဲ့ရသေးသည့် လမ်းမျိုး။

ဤသို့ အချက်အလက် များနှင့် ပြန်လည်တွက်ဆ ကြည့်လျှင် မျိုးကြီးဆိုင်မှ မြေနီတို့သည် ၀ယ်ထားခြင်း ဆိုသည်မှာ လုံးဝမဖြစ်နိုင်။ ထိုထက် ကျိန်းသေစွာပြောရ မည်ဆိုလျှင် ရေအိုင်ကြီးမှ မြေနီများပင် ဖြစ်လိမ့်မည်။

“မင်း ဘာလုပ်မယ် စိတ်ကူးထားလဲ”

မောင်လွင်ဦး ထပ်မေး သည်။ လှဦး ခြေထောက် တစ်ဖက် ဆန့်ထုတ်လိုက်ရင်း
“ဒီကောင် အဲလိုလုပ်တာ ဖောင်းတာကွ။ တစ်ရပ်ကွက်လုံး စုပြီး ၀ယ်ထားကြ တာလေကွာ။ တစ်ယောက် တည်း ဒီလိုလုပ်လို့ ဘယ်ရမလဲ”

“အေး...ငါလည်း အဲ ဒါကြောင့် မေးတာ မင်း ဘာ လုပ်မှာလဲလို့”

၎။
မနေ့က ရွာထားသည့် မိုးရေတို့ကြောင့် လမ်း လျှောက်ရသည်မှာ တဗွက် ဗွက်မြည်နေသည်။
“အသံလုံလုံ လျှောက် စမ်းပါ မောင်လွင်ဦးရ”

“ဟ...မင်းကလည်း ငါလည်း အသံထွက်အောင် တော့ တမင်လျှောက်ပါ့ မလား”

လှဦးတို့နှစ်ယောက် မှောင်ထဲမည်းထဲ လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ သူတို့ ဦးတည်ရာသည် ရပ် ကွက်ထိပ်ရှိ ရေအိုင်ကြီးဆီ။ ရေအိုင်ကြီးနား အရောက်တွင် လှဦး ဓာတ်မီး ထုတ်လိုက်သည်။ ထို့နောက် မြေကြီးနှင့် ကပ်ကာ ခလုတ်ဖွင့်လိုက် သည်။ မီးရောင်အုပ်အုပ် အောက်တွင် မြေနီစ တချို့ကို တွေ့လိုက်ရသည်။ မီးပြန် ပိတ်လိုက်ပြီး “ဒီနေရာပဲ”ဟု ဆိုသည်။

မောင်လွင်ဦး ပခုံးပေါ်မှ ပေါက်တူးကိုချကာ ခပ်ဆဆ ကိုင်လိုက်သည်။ မြေသား များ အနည်းငယ်မို့တက်သွား သည်ဟု ခံစားလိုက်မိ၏။
“လှဦး မင်း မြွေရေခွံ အိတ်ဖြဲထား၊ နှစ်ချက်လောက် ပေါက်ပြီးရင် တစ်ခါ ကျုံးမယ်”

“အေး...အသံလည်း အရမ်း မထွက်စေနဲ့ဦး”

“အေးပါ ငါ သိပါ တယ်”

စကားအဆုံး မောင်လွင် ဦး ပေါက်တူးကို အားကုန် လွှဲချလိုက်သည်။
“၀ှစ်”“ဇွိ”
“အိုကေ...အတုံး လိုက်ပဲ၊ ကဲ လာပြီ နောက် တစ်ချက်”

“၀ှစ်”“ဇွိ”

မိုးဖွားလေးတွေ ကျ လာသည်။ မောင်လွင်ဦး ပေါက်ပြီးသား မြေတွေကို အိတ်ထဲကျုံးလိုက်ကြသည်။ လှဦး ပေါက်တူးကို စမ်းကိုင် လိုက်သည်။
“ဟေ့ကောင် မောင်လွင်ဦး နောက်ဆုတ်နေနော်”

“အေးပါကွာ၊ အလွတ် ကြီးမှာပါ၊ ချမှာချစမ်းပါ”

“၀ှစ်”“ဇွိ”
“၀ှစ်”“ဇွိ”“ဇွိ”“ဇွိ”

“ဟာ...ဟေ့ကောင် ကြားလိုက်လား”

“အေး...ဘယ်ကလဲ ဟ...၊ ဖားသံလည်း မဟုတ် ဘာလည်း မဟုတ်”

“နင့်မေကလွှား ဖားသံ ပါလား၊ ဒီလောက် တဇွိဇွိ မြည်နေတာ ပေါက်တူးသံပဲ ဖြစ်မှာပေါ့။ ဟိုကောင် ထင်တယ်”

မျိုးကြီး ဖြစ်မည်ဟု ပြောလိုက်ခြင်းပင်။ လှဦးတို့ နှစ်ယောက် ခဏငြိမ်နေလိုက် သည်။ သိပ်မကြာလိုက်။
“ဇွိ”“ဇွိ”

ပေါက်တူးသံ ပေါ်လာ ပြန်သည်။
“ကဲ ပြန်စမယ် ဟေ့ ကောင်”ဟုဆိုကာ လှဦး ပေါက်တူးကို ကိုင်လိုက်သည်။
“ဖြစ်ပါ့မလားကွာ၊ ဟိုကောင် သိသွားဦးမယ်”

“ဟာ... မင်းကလည်း သူ သိတော့ရော ဘယ်သူ့ တိုင်မှာလဲ”

ပြောပြောဆိုဆိုနှင့် ပေါက်တူးကို လွှဲလိုက်သည်။
“၀ှစ်”“ဇွိ”

တစ်ချက်...
“၀ှစ်”“ဇွိ”
နှစ်ချက်...
“၀ှစ်”ဇွိ”
မီးရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ လှဦးနှင့် မောင်လွင်ဦး မြေပေါ် ၀ပ်ချလိုက်သည်။ ပြီးတော့ လှဦး မီးရောင် လာရာဆီသို့ လျင်မြန်စွာ ပြန်ထိုးလိုက်သည်။ အဖြစ်အပျက်တို့သည် စက္ကန့်ပိုင်းမျှပင်...။

“ဟင်...ဦးစော”

“ဟာ...လှဦး သြော် မောင်လွင်ဦးရောဟ”

လှဦးတို့နှစ်ယောက် ထလိုက်ကြသည်။ ဦးစော၊ လှဦးတို့နှစ်ယောက်အနားကို ကပ်လာရင်း...
“နည်းနည်းပါကွာ၊ မနေ့က မိုးရွာလိုက်တော့ကွာ ရေက မခြောက်ဘူး။ ပြီးတော့ နောက်ဖေးမီးဖိုဆောင်ကလည်း မြေကြီးပေါ်မှာဆိုတော့ ရေ၀င် နေလို့”

ဟု ရှည်လျားစွာ ရှင်း ပြသည်။
“ကျွန်တော်တို့လည်း နှစ်အိတ်လောက်ပါပဲ”

ဟု မောင်လွင်ဦး ပြန် ပြောလိုက်သည်။
“ဇွိ”“ဇွိ”
“ဟင်”
လှဦးရော မောင်လွင် ဦးပါ မျက်လုံးပြူးသွားသည်။ နောက်ထပ်အသံတစ်ခု...
“သြော်...ဟိုဘက်မှာ ငမိုးတို့လည်း ရှိတယ်ကွ၊ ကဲ...ကဲ...မင်းတို့နှစ်ယောက် လည်း မြန်မြန်လုပ်ကြ၊ တော် ကြာ သူများတွေ မြင်သွားရင် မကောင်းဘူး”ဟုဆိုကာ ဦး စော သူ့နေရာသူ ပြန်သွား၏။

“ဟ...ဟဟ”
“ဟဲ...ဟဲဟဲ”
လှဦးတို့ ရယ်လိုက်ကြ သည်။ ပြီးတော့ လှဦး ပေါက်တူးကို အားကုန်လွှဲချ လိုက်တော့သည်။
“၀ှစ်”“ဇွိ”
“ဇွိ”“ဇွိ”
ဟိုမှသည်မှ အသံတို့ မိုးဖွဲဖွဲကြား၌...။
ချမ်းထက်ဟန်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

1 comment:

  1. နောက်တစ်ခေါက် ထပ်ဖတ်သွားတယ် ကိုချမ်းရေ..။ စာကို တစ်ပုဒ်လုံးမတင်ပဲ Readmore လုပ်ပေးလေ.. မဟုတ်ရင် ပင်မစာမျက်နှာမှာ တစ်ပုဒ်တည်းက နေရာယူလွန်းနေမယ်။ ။

    ReplyDelete