Wednesday, 4 July 2012

“အီမာနဲ့ တေလာဘီလာ အတွက်”


“အမေဘယ်လို လုပ်ရပါ့မလဲ သမီးလေးတို့ရယ်...”
ကျွန်မ ဘယ်လို ဆုံးဖြတ်ချက် ချရမယ် ဆိုတာ ပြောကြပါဦးရှင်။ တစ်နေ့လုံး၊ တစ်ညလုံး ကျွန်မ ငိုကြွေးခဲ့ရတာ မျက်ရည်တောင် ခန်းခြောက်နေ ပါပြီ။ ဘယ်သူမှ မကယ်နိုင်တော့ ဘူးလား။ နှစ်ယောက်ထဲက တစ်ယောက်လို့ ရွေးခိုင်းမယ့် အစား ကျွန်မကိုသာ သတ်ပစ်လိုက်ကြ ပါတော့ ဆရာတို့ရယ်။ နှစ်ယောက်ထဲက တစ်ယောက်တဲ့လား။ ကြည့်ပါဦးရှင်။ ကျွန်မ သမီးလေးတွေမှာ ဘာများ အပြစ်ရှိလို့လဲ။ ကျွန်မကို ပြောကြပါ။ မွေးစကတည်းက ခုချိန်ထိ မိဘအပေါ် ဘာမှ ဒုက္ခ မပေးဖူး သူလေးတွေပါ။

စားချိန်တန်စား၊ ကစားချိန်တန် ကစား၊ အိပ်ချိန် တန်အိပ်နဲ့ အင်မတန် လိမ္မာရေးခြား ရှိကြပါတယ်ရှင်။ ညီအစ်မ နှစ်ယောက်လည်း အင်မတန် ချစ်ကြပါတယ်။ မနက်စောစော ထလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် အာဝါးလေးတွေ ပေးကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် သစ်ပေးတယ်။ တစ်ယောက်ကို တစ်ယောက်ထမင်းခွံ့ကျွေးတယ်။ ချစ်စရာ ကဗျာလေး တချို့တစ်ဝက်တောင် ဆိုပြတတ်နေကြ ပါပြီ။

လက်ခုပ်တီးရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မမောနိုင် မပန်းနိုင် ညီညီညာညာ ဖြစ်အောင်လို့ ချိန်ညှိ ကပြကြတာပါပဲ။ မိနစ်ပိုင်းပဲ ရှင်သန်မယ် ဆိုကတည်းက ရင်ထိတ်ခဲ့ရတဲ့ ကျွန်မပါ။ ဒီအချိန်ထိတောင် ရှင်သန်ခွင့်ပေးခဲ့ ပြီးပြီပဲ ကံကြမ္မာရယ်။ အဲ့ဒီ နှလုံးသားလေးကို ညီအစ်မ နှစ်ယောက် စလုံးစာ အတွက် ကြံ့ခိုင်မှုလေး မြှင့်ပေးလှည့်ပါလား။ သမာဒေ၀ နတ်ကောင်းနတ်မြတ် အပေါင်း တို့ရယ်။ ညအိပ်ရာ ၀င်တိုင်း တစ်ဦးနဲ့တစ်ဦး ပျောက်သွားမှာ စိုးရိမ်သလိုနဲ့ ကျစ်ကျစ်ပါအောင် ဖက်အိပ်တတ်တဲ့ ညီအစ်မ နှစ်ယောက်ကို ဘယ်အင်အားနဲ့ တစ်ဘ၀စီ ခြားစေဖို့ ကျွန်မက ဆုံးဖြတ် ပေးရမှာပါလဲ။ ဒါ ကျွန်မ သမီးလေးတွေနော် ဆရာ။

ကျွန်မ ဆုံးဖြတ် ရွေးချယ်မှုမှာ တစ်ယောက်ကို ကယ်တင်သလို တစ်ယောက်ကို ကျွန်မက သတ်ပစ်ရမှာလား။
“မခွဲလို့ မရဘူးလေ။ အစ်မရဲ့သမီးလေးတွေ တစ်နေ့တခြား ပိန်ပိန်လာတယ် မဟုတ်လား၊ အရင်လို အမော သိပ်မခံနိုင်ကြ...”

တော်ကြပါတော့ရှင် ။ အဲဒီ စကားတွေကို ဆက်မပြောဘဲနဲ့ ကျွန်မကိုသာ သတ်လိုက်ကြ ပါတော့။ အားဆေးတွေ အများကြီး ကျွေးပြီး ပြန်ဝလာအောင် လုပ်လို့ မရဘူးလား ဆရာတို့ ရယ်။ ကျွန်မက အရူးမပါ။ ကျွန်မကို စိတ်ရှည် ရှည်ထားပြီး ပြန်ကြားပေးပါ ဆရာရယ်။

“အီမာရေ တေလာဘီလီရေ အမေ ဘယ်လို ဆုံးဖြတ်ရပါ့မလဲ သမီးလေးတို့ရယ်”

တော်တော်ကြာရင် သူတို့ လာခေါ်ကြရော့မယ်။ သမီးလေးတို့က တစ်ယောက်နဲ့ တစ်ယောက် စကာနောက်ကာနဲ့ ဆော့ကစားနေကြ ဆဲပဲ။ ဒီနေ့ဟာ ဘယ်သူ့အတွက် နောက်ဆုံးနေ့လဲ ဆိုတာကို သူတို့ခမျာ မသိရှာကြဘူး။ ကျွန်မကရော ဘယ်သူလို့ နာမည်တပ် လိုက်ပြီး နောက်တစ်ယောက်ကို...။
ခွဲစိတ်တာ မအောင်မြင်ဘဲ နှစ်ယောက်စလုံး စင်သွားခဲ့ရင်ရော “အို ဖွဟဲ့ လွဲပါစေ ပယ်ပါစေ”
ခွဲလို့စိတ်လို့ အောင်မြင်ပါပြီတဲ့။

“အမေ အီမာရော..”

ဒါမှမဟုတ်
“အမေ တေလာဘီလီရော...”လို့ တီတီ တာတာလေးများ မေးလာခဲ့ရင် ကျွန်မ ဘယ်လို ဖြေရပါ့မလဲ။

ကျန်ခဲ့တဲ့ သမီလေးခမျာမှာ...
နံနက်တိုင်း မွှေးမွှေးပေးစရာ ပါးပြင်လေး ပျောက်ဆုံးလို့၊ ထမင်းခွံ့ကျွေးမယ့် နှုတ်ခမ်း နီတာရဲလေး မတွေ့တော့လို့၊ လက်ခုပ်သံကြားရင် စည်းချက်ညီညီ ကပေးဖော်လေး မရှိတော့လို့၊ ညဘက် ဖက်အိပ်စရာ နေ့တူနံတူလေး ဘယ်မှာမှ ရှာမရလို့...ဆိုတဲ့ အကြောင်းလေးတွေနဲ့ အားငယ်စိတ် တွေဝင်လာခဲ့ရင်ရော။
ကျွန်မ ဘယ်လိုနည်းနဲ့ ဖြေသိမ့်ပေးနိုင် မလဲ။

နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်း မယ့်အစား နှစ်ယောက်စလုံးအတွက် ကျွန်မနှလုံး သားကို အစားပေး၊ ကျွန်မ သေပေးလို့များ မရ ဘူးလားရှင်။
အကြံဥာဏ်ကောင်းလေးများ မစကြပါရှင်။

ဝန်ခံချက်
(၂၃.၃.၂၀၁၀ တွင်ထွက်ရှိလာသော Good Health News ဂျာနယ်မှ သတင်းတစ်ပုဒ်အား ဖတ်ရှုမိပြီး အမေနေရာမှ နေ၍ ခံစားရေးဖွဲ့ပါသည်။ တကယ်တမ်း အမေဖြစ်သူ၏ ရင်နင့်စရာ ခံစားချက်ကိုတော့ မီနိုင်မည် မထင်ပါ။ ရည်ရွယ်ချက်က အားလုံးကို လေးလေး နက်နက် မျှဝေချင်လို့၊ ပြီးတော့ အီမာလား၊ တေလာဘီလီလား မသေချာသည့် လူလောကထဲမှာ ကျန်ရစ်မည့်သူ၊ နောက် လူ့လောကထဲမှ ဆောလျင်စွာ နှုတ်ဆက် ထွက်ခွာသွားမည့် သူလေးအတွက် ကျွန်တော်တို့ ၀ိုင်းဝန်းဆုတောင်း ပေးစေချင်လို့ပါဗျာ။)

ကဲ... ကျွန်တော့်ဆုတောင်း စပြီ။
“ဖြစ်နိုင်ရင် အံ့သြဖွယ်ရာ ဖြစ်ရပ်မျိုးနဲ့ ကြုံကာ နှစ်ဦးစလုံး အသက်ရှင်ပါစေ။ နှစ်ဦးစလုံး အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အဆုံး၊ ကျန်ရစ်သူ လေးလည်း စိတ်၊ ရုပ်၊ ခန္ဓာ အမြန်ဆုံး ကျန်းမာပါစေ။ နှုတ်ဆက် ထွက်ခွာသွားသူလေးလည်း ကောင်းရာသုဂတိလားပါစေ။


ချမ်းထက်ဟန်
                                                                                                                                        teen magazine

No comments:

Post a comment