Friday, 15 June 2012

''သမီးချောင်းမဆိုးတော့ပါ"


ဒီတစ်ခါ မိုးရွာရင် သမီး မိုးရေထဲ ထွက်မဆော့တော့ဘူး။ အဲဒါမှ ချောင်းမဆိုးမှာ။
ချောင်းဆိုးရင် မုန့်မစား ရတော့ဘူးလေ။ အရင်တစ်ခါ မိုးရေထဲ ထွက်ဆော့ပြီး ချောင်းတွေ ဆိုးကတည်းက မှတ်ထားတာ။ သမီးက အဲဒီနေ့က မိုးရေထဲ ထွက်ဆော့တယ်။ ညနေလည်း စောင်းရော၊ ချောင်းတွေ ဆိုးတော့တာပဲ။ နောက်နေ့ ကျောင်းကိုသွားတော့ မေမေက မုန့်ဝယ် မကျွေးဘူး။ သမီးက မုန့်ဝယ် ပေးခိုင်းတော့ “ချောင်းဆိုးတဲ့ ကလေး မုန့်မစားရဘူးလို့ ဆရာဝန်ကြီးက မှာထားတယ်လေ”လို့ မေမေကပြောတယ်။

“ဟင် မေမေကလည်း”လို့ သမီး ခြေဆောင့်ပေမယ့် မေမေက ၀ယ်မကျွေးပါဘူး။

“ဘဘ ဆရာဝန်ကြီးဆီ ပို့လိုက်မှာနော်” လို့ ပြောပြီး ပြန်သွားတယ်။ မေမေက သမီးကို တစ်ခုခု ပြောလို့ မရတိုင်း “ဘဘ ဆရာဝန်ကြီးဆီ ပို့လိုက်မှာနော်” ဆိုတာ အမြဲ ပြောတတ်တယ်။ ဘဘ ဆရာဝန်ကြီးဆိုတာ သမီးတို့ လမ်းထိပ် ဆေးခန်းက လူကြီးကို ပြောတာ။ တစ်ခါက ဖေဖေ စိုက်ခင်းထဲမှာ ခြေထောက်ကို ပေါက်ပြားနဲ့ ခိုက်မိတုန်းကပေါ့။ ဖေဖေရယ် မေမေရယ်၊ သမီးရယ် အဲဒီ ဆရာဝန်ကြီးဆီ သွားကြတယ်။ သူက ဖေဖေ့ခြေထောက်ကို ဆေးတွေထည့်တယ်။ ပြီးတော့
ပိုးမ၀င်အောင်လို့တဲ့။ ဆေးထိုး အပ်ကြီးနဲ့ ဖေဖေ့ကိုထိုးတာ။ ဖေဖေ့ မျက်နှာကြီး ရှုံ့မဲ့သွားတာပဲ။ “နာလား”လို့ သမီးက မေးတော့ ဖေဖေက “အင်း”တဲ့။ သမီးလည်း ကြောက်လို့ နောက်ရက်တွေ ဖေဖေ ဆေးခန်းသွားရင် မလိုက်တော့ဘူး။

မေမေကလည်း အဲဒီကတည်းက သမီးကို ပြောမရတော့ရင် “ဘဘဆရာဝန်ကြီးဆီ ပို့လိုက်မယ်” ဆိုတာချည်း ပြောတော့တာပဲ။ သမီး ချောင်းတွေဆိုးပြီး မေမေ မုန့်မထည့်ပေးတဲ့ နေ့တုန်းက ကျောင်းမှာ သမီး သူငယ်ချင်းတွေ မုန့်စားတာကို ငေးမိရော။ သူတို့က ကျွေးပါတယ်။ နည်းနည်းပဲ ကျွေးတာဆိုတော့ သမီးက မ၀ဘူးလေ။ ထပ်တောင်းတော့ မပေးကြ တော့ဘူး။ အဲဒါကြောင့် ဒီတစ်ခါ မိုးရွာရင် သမီး မိုးရေထဲ ထွက်မဆော့တော့ဘူး။

ဟိုနေ့ မနက်က မိုးတွေ အရမ်းရွာတယ်။ သမီးကတော့ မိုးတွေ ဘယ်လောက်ရွာရွာ အပြင်ကို ထွက်မဆော့ဘူး။ ဒါမှ ကျောင်းသွားရင် မုန့်စားရမှာ။ သမီး ထွက်မဆော့ပေမယ့် မေမေတို့ကတော့ တစ်နေကုန် မိုးထဲမှာချည်းပဲ။ ဖေဖေက...
“သမီး ဆင်းမလာနဲ့နော်”လို့ တစ်ခါတစ်ခါ လှမ်းလှမ်းအော်သေးတယ်။

မဆင်းပါဘူး။ သမီးက ဖေဖေတို့ ဆင်းပါဆိုတောင် မဆင်းဘူး။ ဖေဖေတို့က သမီးတို့ ခြံလေးထဲ စီးဝင်လာတဲ့ ရေတွေကို ကာနေတာလေ။  မိုးတွေအရမ်း ရွာတဲ့နေ့တွေ ဆိုရင် ဒီလိုပဲ။ သမီးတို့ ခြံက တောင်စောင်း တစ်ခုအောက်မှာ ရှိတယ်။ မိုးရွာပြီ ဆိုတာနဲ့ အဲဒီ တောင်စောင်းလေးက ရေတွေ ခြံထဲ စီးဝင်လာရော။

အဲလို စီးဝင်လာရင် မေမေတို့က မြောင်းလေးတွေ ဖောက်ပြီး ခြံရှေ့က မြောင်းကြီးထဲကို ရေတွေ ရောက်သွားအောင် လုပ်ရတယ်။ ခြံစည်းရိုး အစပ်မှာလည်း သဲအိတ်တွေ ဖို့ထားသေးတယ်။ ဒါပေမဲ့ မိုးက ဒီတစ်ခါ တအားကြီးတယ်။ သြော် သမီးတို့က ဘဘဦးဖြူရဲ့ ခြံမှာ နေတာလေ။ ဖေဖေတို့ မေမေတို့က အပင်လေးတွေ စိုက်တယ်။ ဘဘဦးဖြူက လာလာကြည့်တယ်။ အသီးတွေ အပင်တွေ ကြီးလာရင် ထော်လာဂျီလေးတွေနဲ့ လာလာယူတယ်။ ပြီးရင် မေမေ တို့ကို ပိုက်ဆံတွေ ပေးတယ်။

ဘဘဦးဖြူ လာလာကြည့်တဲ့ နေ့တွေဆို သမီး အရမ်းပျော်ပဲ။ သမီး အတွက် မုန့်တွေ ၀ယ်ဝယ်လာတတ်တာကိုး။ ဘဘဦးဖြူက သမီးကို ချစ်တယ်ထင်တယ်။ ဒါပေမဲ့ ဖေဖေနဲ့ မေမေ့ကိုတော့ တစ်ခါတစ်ခါ ဆူတာ တအားပဲ။ အင်း ဂေါ်ဖီတွေ ပိုးကျတုန်းကရော၊ သခွားတွေ ရေမလိုက်နိုင်လို့ ခါးတုန်းကရော။ ဖေဖေတို့ကို ဆူတယ်။ “တော်တော် အသုံး မကျတဲ့ကောင်” လို့လည်း ပြောဖူးတယ်။ မေမေဆိုရင် ဘဘဦးဖြူ အဲဒီလို ပြောပြီး ပြန်သွား တုန်းက ငိုလိုက်တာအရမ်းပဲ။ မေမေငိုတော့ သမီးလည်း လိုက်ငိုမိတယ်။ ဘာလို့ ငိုတာလဲ မသိပေမယ့် မေမေ ငိုတော့ မနေတတ်ဘူး။ သမီး လိုက်ငိုမှ မေမေက မငိုတော့တာ။

မေမေတို့တွေ ရေမ၀င်အောင် ကာထားတာကြီးက ညနေကတည်းက ရေတွေ ပြန်ဝင်နေတယ်။ မေမေတို့လည်း မိုးမရွာပေမယ့် ရေထဲပြန်ဆင်း၊ စိုက်ခင်းဘက်ကို ပေါက်ပြားနဲ့ ဆင်းဖို့တော့တာပဲ။ ဒါပေမဲ့ မရပါဘူး။ မိုးက တအားကြီး ရွာတော့ သမီးတို့ ခြံအစပ်မှာကာထားတဲ့ သဲအိတ်တွေကိုပါ ကျော် ပြီး ရေတွေက ၀င်လာတာလေ။ ဖေဖေရော၊ မေမေရော တစ်ညလုံး မအိပ်ကြရဘူး။ မနက်ရောက်တော့ မေမေ ချောင်းတွေဆိုးရော။ သမီးလည်း ပြောလိုက်တယ်။ “မေမေ မုန့်တွေ မစားနဲ့”လို့လေ။ မေမေက ပြုံးတယ်။ ပြီးတော့ မျက်ရည်တွေ ၀ဲနေတယ်။

ဖေဖေက...
“မင်း ကလေးရှေ့မှာ ငိုရလားကွ”တဲ့။

မေမေက...
“ကိုယ်တွေ ပူလွန်းလို့ မျက်ရည်ကျ မိတာပါတော်”ဆိုပြီး မျက်ရည်တွေကို သုတ်တယ်။သမီး မေမေနား ကပ်မိတော့ မေမေ တကယ် ကိုယ်တွေ ပူနေတာပဲ။ နောက်တစ်နေ့ ဘဘဦးဖြူ ခြံထဲကို ရောက်လာတယ်။ သူ့ဆိုင်ကယ် လေးနဲ့ပဲ။ သမီးကိုလည်း မကြည့်ဘူး။ ဖေဖေ့ကို ခေါ်ပြီး စိုက်ခင်းတွေဘက် ဆက်သွားကြတယ်။ ပြန်လာတော့ ဘဘဦးဖြူ မျက်နှာကြီးက ရဲလို့။
“ကြိုလုပ် မထားဘူးလား”တဲ့။

ဖေဖေက “ကျွန်တော်တို့ နှစ်ယောက်တည်းရယ်ဆိုတော့ မနိုင်လို့ပါ”လို့ ပြန်ပြောတယ်။ ပြီးတော့ ပြောကြတာကတော့ အများကြီးပဲ။ ဘဘဦးဖြူချည်း ပြောသွားတာပါ။ ဖေဖေ့ကိုလည်း အော်ဟစ်သွားတယ်။ ပြီးတော့...
“နောက်သီးနှံ မပေါ်မချင်း ဘာမှ ထပ်မယူ နဲ့ကွာ”ဆိုတာတွေလည်း ပါတယ်။ အဲဒီ စကားကို ဘာလို့ မှတ်မိလဲဆိုတော့ ဖေဖေ့ မျက်နှာကြီးက ရဲပြီး...
“မလုပ်ပါနဲ့ ဆရာရယ်။ ကျွန်တော့် သမီးလေး အတွက်တော့”ဆိုပြီး ပြန်ပြောတာလေ။ သမီးကို ပြောတာ နေမှာပေါ့။

ဘဘဦးဖြူက...
“ငါ ကျောင်းအပ်ပေးပြီးသား၊ ကျန်တာ မင်းဘာသာကြည့်လုပ်”ဆိုပြီး ပြန်ပြောတာလေ။ သမီးကို မုန့်လည်း ကျွေးမသွားဘူး။

နောက်နေ့မနက် ကျောင်းသွားတော့ မေမေ လိုက်မပို့နိုင်ဘူး။ ချောင်းတွေ တအား ဆိုးနေတယ်။ သမီးကို မုန့်လည်း ထည့်မပေးဘူး။ မုန့်ဖိုးလည်း မပေးလိုက်ဘူး။ ချောင်းဆိုးမှာ စိုးလို့ ကြိုတင် ကာကွယ်ထားတာတဲ့။ သမီး ငိုချင်တာပေါ့။ သမီးမှ ချောင်းမဆိုးတာကို။

“သမီး ချောင်းမဆိုးဘူးလေ”လို့ မေမေ့ကို ပြောတော့ “မေမေ့ဆီက ကူးမှာစိုးလို့”တဲ့။ သမီး မေမေ့ကို နှုတ်ခမ်း စူပြလိုက်တယ်။ “သမီး ချောင်းမဆိုးတာကို”လို့လည်း ထပ်ပြောခဲ့လိုက်တယ်။ မေမေ တဟွတ်ဟွတ်နဲ့ ကျန်ရစ်ခဲ့တယ်။ သမီးမှာ မုန့်မပါလည်း ပျော်ပါတယ်။ ဖေဖေက ကျောင်းကို ကုန်းပိုးပြီး လိုက်ပို့တာကိုး။ ကျောင်းရောက်မှ ဖေဖေ့ကို ထပ်ပြောရမယ်။ ကျောင်းကိုရောက်တော့ ဖေဖေ အိမ်ကို မပြန်သေး ဘူး။ သမီးသူငယ်ချင်းတွေနဲ့ ကစားနေတာ ထိုင်ကြည့်နေတယ်။ ကျောင်းတက်ခေါင်းလောင်းထိုး တော့ ဖေဖေ့နားဆီ သမီး ပြေးသွားလိုက်တယ်။

“ဖေဖေ၊ နေ့လယ် ထမင်းချိုင့် လာပို့ရင် မုန့် ၀ယ်လာခဲ့နော်”

ဖေဖေက သမီးကို ကြည့်ရင်း ပြုံးတယ်။ မေမေ့လိုပဲ ပြုံးနေရင်းက မျက်ရည်တွေက ဝေ့လို့။ ကြည့်ရတာ ဖေဖေကလည်း မေမေ့လိုပဲ ပြောဦးမယ် ထင်တယ်။ ဒီတစ်ခါတော့ သမီးက ဖေဖေ့ ထက်ဦးအောင် အရင် ပြောလိုက်တယ်။

“ဟင် ဖေဖေကလည်း သမီး ချောင်း မဆိုးတော့ပါဘူးဆို”       
ချမ်းထက်ဟန်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a comment