Thursday 7 June 2012

''ဒီလူ''

သူ့ကို သေချာကြည့်လိုက် . ..အဝေးကပဲကြည့်ကြည့်၊ အနီးက ပဲကြည့်ကြည့် ..၊ ကြည့်မိလိုက်ရင် တစ်ခုခုကို လေးလေးနက်နက်တွေး တောနေတဲ့ ပုံစံမျိုး။ သူနဲ့မ သိခင်က များဆိုရင် သာမန်လူစိမ်းတစ် ယောက် စကားတစ်ခွန်းလောက် တောင် ပြောရဲတာမဟုတ်ဘူး၊ သူ တစ်ခွန်းစမှ လိုက်စရဲတဲ့ရုပ်မျိုး၊ ဘယ်လိုပြောရမလဲ၊ လေးနက်သူ လား …၊ ဘာလားပေါ့။တကယ်သေချာကြည့်ကြည့် လိုက် နဖူးကပြောင်ပြောင်၊ ဆံပင် တွေက အခွေလိုက်နဲ့ ညှပ်လိုက်ပြန် ရင်လည်း သူ့မျက်နှာနဲ့ ဘယ်လိုမှ ပုံမကျဘူး။ မျက်ခုံးထူထူအောက်မှာ ရီဝေဝေမျက်လုံးက မောက်နေသေး တယ်။ အင်း၊ မောက်တယ်ဆိုတာ ထက် မျက်လုံးခေါတာဆို ပိုမှန်လိမ့်မယ်။ အဲ့လောက် မပြောချင်လို့သာ။ ပြီးတော့ နှာခေါင်းပွပွ အောက်က ခပ်ထူထူနှုတ်ခမ်းနှစ်လွှာနဲ့လူ။ အဲဒီ လိုမလှတဲ့ မျက်နှာအစိတ်အပိုင်းတွေ က ရှည်မျောမျော သူ့မျက် နှာကျကြီး ပေါ်မှာ အစီစဉ်တကျ နေရာယူလို့။ တကယ်ပါဗျာ စိတ်ပျက်စရာ၊ ရယ် လိုက်ရင်တောင် မလှတဲ့ရုပ်။ မျက် လုံးရွဲရွဲနဲ့ ဘုကြည့်ကကြည့်တတ် သေးတယ်။
ဒါတင်ပဲလားဆိုတော့ မက သေးဘူး။ အရပ်က ကလန်ကလားနဲ့ လက်ပြင်ကခပ်ကုန်းကုန်း…။ ထိုင်လိုက်ပြီဆိုရင် ဘယ်နေရာမှာ ဖြစ်ဖြစ် ခါးမှာ အရိုးအဆစ်တွေမပါ သလိုကိုထိုင်တာ။ တော်ရုံစိတ်ဓာတ် ကျနေတဲ့သူဆိုရင်တောင်  သူ့ကိုမြင် ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီ ရင် သွားနိုင်လောက်တယ်။ ဝတ် လိုက်ရင်လည်း အဝတ် စားဆိုတာပုံ မကျ ပန်းမကျ။ တစ်ပတ်နွမ်းက ခပ် များများရယ်။အဲလိုလူက ပြောတဲ့စကားကို ကြည့်ဦး။ ဘာတဲ့၊ ”ကမ္ဘာဟာ ကမ္ဘာ ကိုလိုတာကွ” ဆိုတာနဲ့စတဲ့ သူမျိုး။ သူ့စကားထဲမျောလို့ကတော့ ရေနွေး ကြမ်းအိုးသာ တစ်အိုးပြီးတစ်အိုးကုန် သွားမယ်သူ၊ စကားနှုန်းကကျန်တုန်း ဗျ။ ဘယ်လိုစကားဝိုင်းမျိုးပဲဖြစ်ဖြစ် မျက်နှာသိ လူတစ်ယောက်ရှိလို့က တော့ ဝင်ပြီးလျှာရှည်တော့တာပဲ။ တစ်ဖက်လူက ကြိုက်လား မကြိုက် လား။ နားထောင်ချင်လား၊ နားမ ထောင်ချင်ဘူးလား မတွေးဘူး။
မိန်းမရောဂါကအစ အိုစမာ ဘင်လာဒင်အဆုံး သူကပဲရေးထုတ် လိုက်တဲ့ ဇာတ်လမ်းတွေလိုလို ဘာ လိုလိုနဲ့ ခပ်တည်တည်ဝင်ဝင်ဖော တတ်တာမျိုးလေ။ ခုတေ လာတောင် ကဒါဖီ၊ ကဒါဖီနဲ့ လုပ်နေသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းမေး တော့ တစ်ကိုယ်လုံးပဲ ဝဲတွေပေါက် လာသလိုလိုနဲ့ ဟိုကုတ် ဒီဖဲ့နဲ့။သူပြော တဲ့စ ကား မှားသွားရင် လည်း မရှက်ဘူး။ တကယ်ဗျာ တကယ်၊ တတ်လည်းတတ်နိုင်တဲ့သူ၊ တခြားလူဆီက တစ်ဆင့်စကားကြား ခဲ့ရတာလိုလို ဘာလိုလိုလုပ်တာ။ အသက်ကကြည့်တော့ (ကန်တော့ပါရဲ့ဗျာ) ဖင်ဆောင့်နေပြီ။ဘာအလုပ်လုပ်လဲဟုတ်လား။ အေး အဲဒါလည်း ပြောပြရဦးမယ်။ သူ့ကိုယ်သူတော့ အသံလွှင့်ရေဒီယို ဌာနတစ်ခု မှာ အလုပ်လုပ်သတဲ့။ သူ ပြောတာပဲ နားထောင်ကြည့်မယ်ဆို ရင် အဲဒီရေဒီယိုဌာနမှာ သူမရှိတော့ ရင်ပဲ ထက်ဝက်ကျိုးလောက်က ငါးပါးမှောက်တော့မယ့် ပုံ။ ပြောေ တာ့ အဲလို၊ သွားတော့ နေအတော်မြင့်မှ ကုန်းရုန်းထ … ထမင်းချိုင့်ကိုဆွဲ တိုက်ပေါ်ကဆင်း လာ။ လမ်းထိပ်က ကုန်စုံဆိုင်လေး ဆီ အူယားဖားယား ပြေးလာပြီး ရုံး ကို သူနောက်ကျမယ့်အကြောင်း၊ ကားတွေစောင့်ရတာကြာတာနဲ့၊ လမ်းတွေပြင်လို့ကြာတာနဲ့၊ မီးပွိုင့် တွေက ခုထိမိတုန်းဆိုတာနဲ့၊ နဲ့… နဲ့…နဲ့ ဆိုတဲ့ အကြောင်းပေါင်းစုံ ကို ယောက်ျားကြီးတန်မဲ့လိမ်ညာ ပြီး ဖုန်းဆက်၊ ပြီးတော့မှ ကားဂိတ် ကိုထွက်၊ လက်ဖက်ရည် ဘယ်သူ တိုက်မလဲက ရှာကြည့်လိုက်သေး တာ။ရုံးရောက်တော့လား ဟိုလူ့စ လိုက်၊ ဒီလူ့နောက်လိုက်နဲ့ အမယ် လေးဗျာ မိန်းကလေးတွေများ ဘေး နားအုံလာရင် သာတောင်ဆိုးသေး တယ်။ အသံက ကျယ်လောင်ကျယ် လောင်နဲ့ အောက်ပိုင်းပြက်လုံးက ထုတ်သေးတာ။ ဖွန်သံပါပါနဲ့ပေါ့ ဗျာ။ပြောတာတော့ သူ့အလုပ်မှာ သူက ဇာတ်ညွှန်းဆရာ၊ အစီအစဉ် ကြေညာသူအသံမင်းသား၊ ပရိုဂရမ် တစ်ခုထွက်သွားဖို့ထိ တည်းဖြတ်က လည်း လုပ်တတ်သေးတယ်ဆိုပဲ။ တကယ်ရေးတော့ ချောက်တီး ချောက်ချက်နဲ့ …ကလေးအစီအ စဉ်လေးနှစ်ခုကို ဆီမပါ ပျားမပါရေး ရတာလေ။ တစ်ခါ အသံနဲ့သရုပ် ဆောင်လုပ်ရတယ်ဆိုပြီး အထင်ကြီး လိုက်မိပါတယ် ”ဟေး…ဟား” ဆိုတာလောက်နဲ့ ပြီးသွားတာမျိုးကြီး ဗျ။ ဒါနဲ့များ အသံမင်းသားတဲ့။ဒီလောက်ပြောရတာတောင် အတော်ကံကောင်းတာ။ လူကအာ လေးလျှာလေး၊ ဒီကြားထဲအသံ ထွက်က မှားသေးတယ်။ တည်းဖြတ် ဟုတ်လား …။ အဲဒီအကြောင်း ပြောရမယ်ဆိုရင် ‘ထွီ’ လို့ မထွေးမိ အောင် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရ ဦးမယ်။ သူလုပ်တယ်ဆိုတဲ့တည်း ဖြတ်က ”ဒီကနေ့ ပရိသတ်တို့အ တွက်ဖွင့် ပြပေးချင်တာကတော့ ဘယ်သူဘယ်ဝါရဲ့ ဘာသီချင်းဖြစ် ပါတယ်ရှင်” ဆိုတဲ့ အသံနဲ့သီချင်းနဲ့ တွဲပြီး ကပ်ပေးတတ်ရုံလောက်တတ် တာလေ။ ကွန်ပျူတာမှာပါတဲ့ Copy  နဲ့ Paste  ကိုသိရင် အဲဒီအလုပ်က အူဝဲရဲ့သမီးလေး သွားလုပ်ခိုင်း တောင် လုပ်တတ်တယ်။ပြောတော့လခမတိုးဘူး။ လခ မကောင်းဘူးတဲ့။ ပေးထားတဲ့အလုပ် ကျတော့နှစ်နာရီနဲ့ပြီးရမှာကို နှစ် ပတ်လောက်အချိန်ဆွဲပြီး လုပ်တာ မျိုး။ ပြောသေးတယ် ”ကျွန်တော်တို့ အနုပညာသမားဆိုတာ ဦးနှောက် မကြည်ရင် ဘာမှလုပ်လို့မ ရဘူးဗျ” တဲ့။ သောက်ကြီးသောက်ကျယ်ဗျာ။ သူပြောသလိုသာဆိုရင် ခုတစ်ပုဒ်၊ တော်ကြာတစ်ပုဒ်ရေးနေတဲ့ စာရေး ဆရာတွေ၊ ဆရာမတွေ၊ ဟောတစ် ကား ဟောတ စ်ကားရိုက်နေတဲ့ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးတွေ ငုတ်တုတ်မေ့ရချည်ရဲ့။ ပြောလိုက်ရင် ”ငါအလုပ်လုပ် နေတာ အမေ့အတွက်ကွ”တဲ့။ ကြား လိုက်သမျှကတော့ ‘အမေငွေလိုလို့ ပို့ပေးပါဦး” ဆိုတာချည်းပဲ။ သြော် …တိုက်ခန်းမှာနေတယ်ဆိုတာ လား။ ဘယ်ကလာသူ့အပိုင်ရမှာလဲ။ သူ့အသိစာရေးဆရာအယ်ဒီတာ တစ်ယောက် ရဲ့အိမ်။ နယ်ကလာတဲ့ လူဆိုတော့ အခြေကျအောင်သူ့ဆီ မှာပဲနေပေါ့ဆိုပြီး နေခိုင်ထားတာ။ ဒါလည်း အားမနာလျှာမကျိုးနေ လာလိုက်တာ …ပိုက်ဆံလည်း တစ်ပြား မှ မပေးဘူး။ တစ်နှစ်ကျော် လို့နှစ်နှစ်ထဲဝင်နေပြီ။တစ်ခါတစ်ခါ ပြောတာများ သိပ်ရယ်ရတာ ငယ်ငယ်ကသူ့ဘဝ ရည်မှန်းချက်က ကမ္ဘာကျော်ဘော လုံးသမားတဲ့ ”ဟား…ဟားဟား၊ ရယ်လိုက်ရတာ ဖတ်ဖတ်မော … ရင်ဘတ်နောက်ကကျော” ဆိုတဲ့ လူရွှင်တော်စကားလိုပဲ။ သူဘောလုံး ကန်တာ တစ်ခါမှမမြင်ဖူးဘူး။ ပြော တာတော့ ဒိုလေးရဲ့ကြိုးစားအား ထုတ်မှု၊ မက်ဆီရဲ့ အလိမ်အခေါက်နဲ့ ရော်နယ်ဒင်ဟိုရဲ့ ဘောလုံးဦးနှောက် ပေါင်းထားတဲ့လူတောင် သူ့မမီတဲ့ ပုံစံ။ တကယ တမ်းက တော့ မိန်းက လေးတိုင်း ပြေးတက်နေတဲ့ဘတ်စ် ကားတောင် မီအောင်လိုက်ပြီးပြေး မတက်နိုင်ဘူး။ ပြီးတော့ ခုခေတ်မင်းသားတွေ အားမရဘူးတဲ့ဗျာ။ ဒါပေမဲ့ သူ့ရုပ်၊ သူ့ရည်သိလို့ထင်ပါတယ်။ သရုပ် ဆောင်ကောင်းတော့ ဖြစ်ချင်သား တဲ့။ ဦးတည်ချက်က ဘာမှန်းမသိ ရည်မှန်းချက်ကလည်း များလိုက်တဲ့ လူ၊ တစ်ခုမှလည်း အဖြစ်မ ရှိဘူး။ ကာရာအိုကေလေးတစ်ပုဒ်နှစ်ပုဒ် ဟဲပြီး သူ့ကိုယ်သူအဟုတ်မှတ်အဆို ဝင်ပြိုင်သေးသတဲ့။ တကယ်ရယ်ရ တယ်ဗျာ၊ အသံစစ်တောင်မအောင်ဘူး။ခုကျတော့ တစ်မျိုးပြောင်းပြန် ပြီ။ ဘာတဲ့ စာရေးဆရာတဲ့။ အဲ .. အဲဒါကလည်း တစ်ပုဒ်စ …နှစ်ပုဒ်စ မဂ္ဂဇင်းစာမျက်နှာပေါ် ကြက်ကန်းတိုးပြီး ရောက်သွားလိုက် တော့ ဘဝင်တွေ လေဟပ်၊ စာပေပွဲ ဆိုတာနဲ့ တက်တက်ပြီး၊ ငှားလာတဲ့ သူများတိုက်ပုံကြီးတကားကားနဲ့ သူမို့ မရှက်တယ်။မပြောချင်ပါဘူးဗျာ၊ လူစုံတုန်း ရှင်းပြရတာ ဆိုတာလိုပဲ။ ပြောလက် စတော့ဆက်ပြောရဦးမယ်။ ရုံးကပြန် ပြီဆိုတာနဲ့ အင်တာနက်ဆိုင်ကိုပြေး ကောင်မလေးတွေကို ကျူနိုင်သမျှ ကျူသေးတာဗျ။ သင်းလစာမ လောက်တဲ့ အကြောင်းတွေထဲ ဒီ အကြောင်းက ထိပ်နားကျကျမှာပါ တယ်။အဲ့တော့ ဘာလုပ်တယ်ထင်လဲ …၊ စောစောကပြောသလို အိမ် ကပိုက်ဆံပြန်မှာရင်မှာ၊ မမှာရင် သူများ ဆီက ချေးငှားသုံးတာ။ ချေး ပြီးရင်လည်း မေ့ရောသာမှတ်။ သူ့ အိမ်ရှင်စာရေးဆရာက ”မင်းစာ လေးဘာလေး ရေးပါလားကွာ၊ တော်ရုံတန်ရုံစာလောက်တော့ ငါ့ ဂျာနယ်မှာ ထည့်သုံးပေးပါ့မယ’်’ ဆို တာတောင် ဈာန်မဝင်လို့ မရေးတာ လိုလို၊ တော်ရိရော်ရိတွေဆိုရင်ပဲ မရေးချင်တာလိုလိုနဲ့လေ၊ တကယ် က ရေးကိုမရေးနိုင်တာ၊ ဝမ်းစာမရှိ ဗဟုသုတမကြွယ်နဲ့ စိတ်ပျက်စရာ ကြီးပါဗျာ။ညဘက်ညဘက်ထမင်းစားပြီး ပြီဆိုရင် လက်ဖက်ရည်ဆိုင်လေးက ထိုင်လိုက်ချင်သေးတာ။ ပြောတာ လည်း ကြည့်ဦး  ”ပင်ပန်းသမျှနားရ တာ ဒီအချိန်လေးရှိတာ” ဆိုပဲ။ အဲ … အိပ်ရာဝင်ရင်တော့ စပါပြီ သူ့ အပ်ချည်မျှင်လောက် ဂွမ်းကပ်လေး ပေါ်မှာ ”တဟူးဟူး၊ တဟဲ ဟဲ” နဲ့ သက်ပြင်းစ တွေကို လူးလိမ့်ပြီးချ။ မနက်က၊ မနေ့က၊ တစ်နေ့က … လုပ်ခဲ့တာတွေက မှားတာတွေများပါ လားဆိုပြီး နောင်တတွေရရောလေ။  ဒါအိပ်ရာဝင်တိုင်းရတဲ့ နောင်တ။ ပြင်တယ်လို့လည်း တစ်ခါမှ မကြားဖူးဘူး။ သူ့ကိုယ်သူပြင်ဖို့ နေနေသာသာ ဘုရားတောင် ပုံမှန်ရှိခိုးတဲ့လူ မဟုတ်ဘူး။ အဲဒီလို အချိန်မျိုးများ ယောင်လို့ စကားသွားမပြောလေနဲ့။ ဟိုးငယ်စဉ်ကနေ အခုချိန်ထိ သူ့ရဲ့သနား စဖွယ်ဇာတ်လမ်းအစုံစုံကို ဇာတ်စုံ ခင်းပြပါလိမ့်မယ်။ စိန်အောင်မင်း ငိုချင်းတောင် သူ့ညည်းချင်း ကိုမီမယ် မထင်ဘူး။ ဘာ…၊ ဘယ်ကလဲ၊ ဘယ်သူ လဲ၊ ကျုပ်ကဘာကြောင့် သူ့အကြောင်းကို အဲ့လောက် သိရလဲဟုတ် လား။ ခင်ဗျားသိချင်ရင် ကျုပ်ပြော ပြမယ်။ ကျုပ် မသတီဆုံးလူ၊ မတွေ့ ချင်ဆုံးလူကို ကျုပ်က တစ်နေ့မှာ နှစ်ကြိမ်အနည်းဆုံး တွေ့တွေ့နေရ တာဗျ။ ဘယ်ကလာ အိမ်ရှေ့မျက်နှာ ချင်းဆိုင်ကမှာလဲဗျာ။ ကျုပ်နဲ့ဒီလူနဲ့  တစ်နေ့မှာ အနည်းဆုံးနှစ်ကြိမ်တွေ့ တယ်ဆိုတာ မနက်မျက်နှာသစ်ပြီး ရင် တစ်ကြိမ်၊ ညနေရေမိုးချိုးပြီးရင် တစ်ကြိမ်၊ အနည်းဆုံးနှစ်ကြိမ် မှန် ထဲမှာ တွေ့တွေ့နေ ရတာဗျ။    ။
                                                                           

                                                                                           ချမ်းထက်ဟန်

No comments:

Post a Comment